လောင်းလုံးမြို့နယ် တောင်ပိုင်းမှ ကျောင်းကားများသည် ထားဝယ်မြို့ပေါ်သို့ ပြန်လည်ဖြတ်သန်း သွားလာခွင့်ရသည်မှ ၂ ရက်ရှိလာပြီဖြစ်သည်။
သို့သော် ကျောင်းကားများ အမှန်တကယ် ဖြတ်သန်းခွင့် ရပြီလားဆိုသည်က တိတိကျကျတော့ မရှိသေးဘဲ လတ်တလော တားဆီးမှုများ မရှိတော့ဟုသာ သိရသည်။
ယခုပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ထားဝယ်မြို့ပေါ်သို့ နေ့ချင်းပြန် ကျောင်းသွားတက်မည့် လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှ ကျောင်းသူ၊ ကျောင်းသားများကို လက်နက်ကိုင်အဖွဲ့အချို့က တားဆီးမှုများ ရှိလာသောကြောင့် ရာနှင့်ချီသော ကျောင်းသား၊ ကျောင်းသူများ အခက်တွေ့ခဲ့ကြရသည်။
ကျောင်းသားမိဘများဘက်ကမူ မြို့ပေါ်တွင် ပြောင်းရွှေ့နေထိုင်ရန် ကုန်ကျစရိတ် ကြီးမားခြင်း၊ နေထိုင်စရာ အခက်အခဲရှိခြင်းနှင့် ကျေးရွာရှိ မိသားစုလုပ်ငန်းခွင်များကို ပစ်ထားကာ သားသမီးများနှင့်အတူ မြို့ပေါ်သို့ လိုက်ပါနေထိုင်ရန် အဆင်မပြေခြင်းတို့ကြောင့် ကျောင်းအကြိုအပို့ကားများကိုသာ လွတ်လပ်စွာ သွားလာခွင့်ပြုရန် လိုလားနေကြသည်။
တော်လှန်ရေး အင်အားစု အချို့ကလည်း စစ်ရေးအခြေအနေကြောင့် ကျောင်းကားများ မြို့ပေါ်တက်ခွင့်ကို ခွင်မပြုလိုကြခြင်းဟုဆိုသည်။
ထိုသို့ ကျောင်းကားများ တားဆီးခံရမှုနှင့်ပတ်သက်၍ ဒေသတွင်း တော်လှန်ရေးအင်အားစုများ အကြားတွင်လည်း မတူကွဲပြားသည့် အမြင်များ ထွက်ပေါ်လာကာ သဘောထားထုတ်ပြန်ချက်များ အသီးသီး ထွက်ပေါ်လာခဲ့သည်။
ကျောင်းကားများ တားဆီးခံရခြင်း
ပြီးခဲ့သည့် ဇွန်လ ၄ ရက် (ကြာသပတေးနေ့) ကျောင်းဆင်းချိန်တွင် ထားဝယ်မြို့မှ ကျောင်းသားများကို ကြိုလာသော ကျောင်းကားများကို ထားဝယ်-လောင်းလုံး လမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းအဖွဲ့အချို့က တားဆီးခဲ့သည်။
ထို့နောက် ကျောင်းအကြိုအပို့ ဆက်မလုပ်ရန် ပြောဆိုကာ လက်မှတ်ရေးထိုးခိုင်းမှုများ ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့ (သောကြာနေ့) တွင်မူ ကျောင်းကားများ မြို့ပေါ်သို့ မတက်ရဲတော့သဖြင့် ကျောင်းသားများ ကျောင်းတက်ခွင့်မရဘဲ တစ်ရက်ပျက်ခဲ့ကြရသည်။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အပြီး ဇွန်လ ၈ ရက် (တနင်္လာနေ့) တွင်မူ ကျောင်းကားအချို့ ပြန်လည်ပြေးဆွဲရာတွင်လည်း လက်နက်ကိုင်အဖွဲ့အချို့က လာရောက်တားဆီးခဲ့သောကြောင့် ကျောင်းသို့မပို့နိုင်တော့ဘဲ ပြန်လှည့်ခဲ့ကြရသည်။
ထိုနေ့တွင်ပင် ကျောင်းအကြိုအပို့လုပ်နေသည့် သုံးဘီးမောင်းသူ နှစ်ဦးထံမှ ယာဉ်မောင်းလိုင်စင်များကို သိမ်းဆည်းသည်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယင်းမှာ လောင်းလုံးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့မှ ကျောင်းကားများ တားဆီးခံရသည့် အခြေအနေဖြစ်သည်။
အလားတူ လောင်းလုံးနယ် မြောက်ပိုင်းမှ ထားဝယ်မြို့ပေါ်သို့ ကျောင်းကြိုပို့ သွားလာနေသည့် ကျေးရွာများမှ မိဘများနှင့် ကျောင်းကားများကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကျောင်းကြိုပို့မလုပ်ရန် တားဆီးမှုများ ပြုလုပ်နေသည်။
တော်လှန်ရေးအင်အားစုများအကြား အမြင်မတူ
ထိုသို့ ကျောင်းကားများ တားဆီးခံနေရမှုနှင့်ပတ်သက်၍ ဒေသတွင်း တော်လှန်ရေးအင်အားစုများအကြားတွင် မတူကွဲပြားသော အမြင်များ ရှိနေကြသည်။
ဇွန်လ ၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တနင်္သာရီစစ်ဌာန၊ နည်းဗျူဟာ ၃၃၊ ထားဝယ်ခရိုင် ၈၀၀၃ တပ်ရင်း၏ Facebook Page မှတစ်ဆင့် မြို့ပေါ်တွင် ကျောင်းအပ်နှံထားသော ကျောင်းသားမိဘများထံ မေတ္တာရပ်ခံသည့် ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် လောင်းလုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေကြောင်း၊ စစ်အာဏာရှင်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေကြောင်းနှင့် ယခုအခါတွင်လည်း ကျောင်းအကြိုအပို့ယာဉ်များကို အကာအကွယ်ယူကာ စစ်အာဏာရှင်တပ်များက စစ်ရေးလှုပ်ရှားနေကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မြို့ပေါ်တွင် ကျောင်းတက်မည့် ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးအရ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။ ယင်းထုတ်ပြန်ချက်ကို ၈၀၀၃ တပ်ရင်း၊ ပအဖ၊ ပကဖ၊ ပလဖ၊ သံမဏိလိပ်ပြာတပ်ဖွဲ့နှင့် အထူးပြောက်ကျားတပ်ဖွဲ့ ၊ လောင်းလုံးမြို့နယ် ပညာရေးဘုတ်အဖွဲ့တို့ ပူးပေါင်း မေတ္တာရပ်ခံ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
မြေပြင်တွင် လောင်းလုံးမြို့နယ်တောင်ပိုင်းမှ ကျောင်းကားများကို လာရောက်တားဆီးရာ၌ အဆိုပါတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်နေကြသည်ဟု ကျောင်းသားမိဘများနှင့် ဒေသခံများက ပြောဆိုကြသည်။
လောင်းလုံးမြောက်ပိုင်းမှ ကျောင်းကားများကိုမူ ဗထူးတပ်က တားဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ကျောင်းမအပ်မီ အချိန်က ကြိုတင်အသိပေး ပြောဆိုခြင်းမျိုး မရှိခဲ့ဘဲ ကျောင်းဖွင့်ချိန်ရောက်မှ ယခုကဲ့သို့ ထုတ်ပြန်တားဆီးမှုများ ကြုံလာရခြင်းဖြစ်သည်ဟု ကျောင်းသားမိဘများက ဆိုသည်။
တစ်ဖက်တွင်မူ ကျောင်းကားများ တားဆီးခံရမှုအပေါ် ဒေသတွင်း တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် ကျောင်းသားတော်လှန်ရေးတပ် (SRF)၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF)၊ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (DUSU) နှင့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) တို့က ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေးလွတ်လပ်ခွင့်အပေါ် ရပ်တည်ထောက်ခံ ကာကွယ်ပေးမည်ဖြစ်ကြောင်း အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
ဤကိစ္စနှင့်ပတ်သက်၍ အမြင်မတူညီကြသော အဆိုပါအဖွဲ့များကြားတွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြကြောင်း တွေ့ဆုံဆွေးနွေရာတွင်ပါဝင်သည့် တော်လှန်ရေးအင်အားစုတို့က ပြောဆိုသည်။
သို့သော် ထိုတွေ့ဆုံဆွေးနွေးပွဲမှ တိကျသည့် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိသေးသော်လည်း ကျောင်းကားများအား တားဆီးခြင်းကိုမူ လတ်တလေား မပြုလုပ်တော့ကြောင်း တွေ့ဆုံရာတွင်ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၁၀ ရက်နေ့ တွင် Dawei Watch အားဖြေဆိုသည်။
ကျောင်းသားမိဘများ၏ အခက်အခဲ
လက်ရှိတွင် ထားဝယ်မြို့ပေါ်သို့ သွားရောက်ပညာသင်ကြားနေရသည့် ကျေးရွာများမှာ ရွာတွင်စာသင်ကျောင်း ဖွင့်လှစ်ထားခြင်းမရှိဟု ဒေသခံများကဆိုသည်။
ယင်းရွာများတွင် စာသင်ကျောင်းများကို စစ်အာဏာရှင်တပ်ဘက်ကရော တော်လှန်ရေးအင်အားစုများဘက်ကပါ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပေ။
လောင်းလုံးမြို့ပေါ်အပါအဝင် မင်းရပ်၊ ဝေဒီ စသည့်ကျေးရွာ တော်တော်များများရှိ စာသင်ကျောင်းများအားလုံး ပိတ်ထားရသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိသော မိဘများသည် သားသမီးများကို ထားဝယ်မြို့ပေါ်ရှိ ကျောင်းများတွင်သာ သွားရောက်ထားရှိနေကြရသည်။
မြို့ပေါ်တွင် ပြောင်းရွှေ့နေထိုင်ကာ ကျောင်းတက်သူများ ရှိသော်လည်း အများစုမှာ အဆင်မပြေသဖြင့် ပြီးခဲ့သည့်နှစ်အထိ နေ့စဉ် ကျောင်းအကြိုအပို့ ကားများဖြင့်သာ ကျောင်းတက်ခဲ့ကြသည်။ ယခုနှစ်မှသာ ကျောင်းအကြိုအပို့ မလုပ်ရန် တားဆီးခံလာရခြင်းဖြစ်သည်ဟု မင်းရပ်ရွာမှ ကျောင်းသားမိဘများက ပြောဆိုသည်။
တော်လှန်ရေးအင်အားစုအချို့က မေတ္တာရပ်ခံသကဲ့သို့ မြို့ပေါ်တွင် အခြေချနေထိုင်ပြီး ကျောင်းတက်ရန်မှာ ကျောင်းသားမိဘများအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်။
ကျောင်းစရိတ်များအပြင် အခန်းငှားရမ်းခ မတတ်နိုင်ခြင်း၊ အခန်းရှာရခက်ခဲခြင်း၊ စားဝတ်နေရေးစရိတ် ကြီးမြင့်ခြင်းနှင့် ကိုယ့်ဘာသာ ကျောင်းမသွားနိုင်သေးသည့် မူလတန်းအရွယ် ကလေးငယ်များအတွက် အကြိုအပို့လုပ်ပေးရန် ကိစ္စရပ်များ ပါဝင်သည်။
ထို့အပြင် ကလေးများ၏ နေ့စဉ် ဝေယျာဝစ္စများကို ဆောင်ရွက်ပေးရန် အုပ်ထိန်းသူတစ်ဦးက မြို့ပေါ်တွင် တစ်နှစ်ပတ်လုံး လိုက်ပါနေထိုင်ပေးရန်လည်း လိုအပ်လာသည်။
“ရွှံ့ဗွက်တွေထဲ ရုန်းကန်ရှာဖွေထားတဲ့ ငွေကြေးတွေဟာ မြို့ပေါ်က အိမ်ခန်းငှားစားတဲ့သူတွေ၊ ကျောင်းအကြိုအပို့ ဝန်ဆောင်မှုပေးသူတွေနဲ့ ဘော်ဒါဆောင်ပိုင်ရှင်တွေ အတွက်ပဲ ဖြစ်နေတယ်” ဟု ကျောင်းသားမိဘများက ရင်ဖွင့်ကြသည်။
တစ်ဖက်တွင်လည်း စစ်အုပ်စုက ကျောင်းသား၊ လူငယ်များမချန် ညအချိန် နေအိမ်များအတွင်း ဝင်ရောက်ကာ အဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးမှုများ ရှိနေခြင်းက ဆယ်ကျော်သက် ကျောင်းသားမိဘများအတွက် ကြီးမားသော စိုးရိမ်ချက်တစ်ခု ဖြစ်နေသည်။
ထိုသို့သော အခက်အခဲများနှင့် စိန်ခေါ်မှုများကြောင့် မိဘများက နေ့ချင်းပြန် ကျောင်းတက်ခွင့်ရရန်သာ လိုလားနေကြခြင်း ဖြစ်သည်။
မနှစ်က ကျောင်းသားအချို့နှင့်မိဘများမှာ မြို့ပေါ်သို့ ပြောင်းရွှေ့ ပြီး ပညာသင်ခဲ့သော်လည်း ရေရှည်တွင် ဆက်လက်မထားနိုင်တော့သည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်
ယင်းအခြေအနေများကြောင့် ယခုနှစ်တွင် ထားဝယ်သို့ နေ့ချင်းပြန် သွားလာနေသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ လောင်းလုံးမြို့နယ် တောင်ပိုင်းရှိ မြို့ပေါ် ၄ ရပ်ကွက်အပါအဝင် ရပ်ကွက်ကျေးရွာအုပ်စု ၁၀ ခုကျော်တွင်ပင် ၇၀၀ ခန့်ရှိသည်ဟု ကျောင်းသားများဘက်မှ ကူညီပေးနေသည့် တော်လှန်ရေးအင်အားစုများက ဆိုသည်။
လုံခြုံရေး စိုးရိမ်ချက်
ထားဝယ်မြို့ပေါ်တွင် ကျောင်းတက်ရန် အခက်အခဲကြုံနေရသည့် ဒေသများမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဒေသများဖြစ်သည်။
မင်းရပ်ကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်၏ အမြောက်တပ်က စခန်းချထားပြီး အနီးဝန်းကျင် ကျေးရွာများသို့ ပစ်ခတ်လေ့ရှိသည်။
လောင်းလုံးမြို့ပေါ်နှင့် အောက်ပိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားပါက အဆိုပါ အမြောက်တပ်နှင့် ထားဝယ်မြို့ပေါ်မှ စစ်ကောင်စီတပ်များသည် သာယာကုန်း၊ မင်းရပ်၊ ရွာဟောင်းဝရွာ လမ်းများမှတစ်ဆင့် စစ်ကူဆင်းလာလေ့ရှိသည်။
ထို့ကြောင့် အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားတတ်ပြီး ကျောင်းကားများမှာလည်း ဤလမ်းပိုင်းကိုပင် အသုံးပြုနေကြရသည်။ ရေဖြူမြို့နယ်တွင်လည်း အလားတူ လုံခြုံရေး စိုးရိမ်စရာအခြေအနေများရှိနေသည်။
စစ်ရေးအရှိန် မြင့်တက်လာပါက တော်လှန်ရေးတပ်ဖွဲ့အချို့ စိုးရိမ်သကဲ့သို့ ထိုလမ်းပိုင်းရှိ ကျောင်းသူ၊ ကျောင်းသားများအတွက် လုံခြုံရေးအန္တရာယ် ရှိလာနိုင်သည်။ ရက်ဆက် တိုက်ပွဲများ ဖြစ်လာပါက လမ်းပိတ်ဆို့မှုများကြောင့် ကျောင်းတက်၍မရသည့် အခြေအနေများ ကြုံလာနိုင်သည်။
သို့သော်လည်း တစ်ဖက်တွင် လုံခြုံရေးစိုးရိမ်ချက် ရှိနေသော်လည်း အခြားတစ်ဖက်တွင် နေ့ချင်းပြန် ကျောင်းမတက်ရပါက ပညာသင်ခွင့် ဆုံးရှုံးရမည့် ကျောင်းသားများ ရှိနေခြင်းက မိဘများအတွက် အလွန်ကြီးမားသော စိန်ခေါ်မှုကြီး ဖြစ်နေသည်။
လွန်ခဲ့သည့်နှစ်များကလည်း ယခုကဲ့သို့သော လုံခြုံရေးစိုးရိမ်ချက်များကြားမှပင် နေ့ချင်းပြန် ကျောင်းတက်ခဲ့ကြခြင်းဖြစ်သောကြောင့် ယခုနှစ်တွင်လည်း ယခင်အတိုင်း သွားလာခွင့်ပြုရန် မိဘများက လိုလားကြသည်။
ထိုလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသော်လည်း အခြားနေရာများနှင့်ယှဉ်ပါက အကြိမ်ရေနည်းပါးကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများကြောင့် ရက်ရှည် ကျောင်းပျက်ရခြင်းမျိုး မကြုံခဲ့ရကြောင်း ကျောင်းသားမိဘများနှင့် ဒေသခံများက ပြောဆိုသည်။
လုံခြုံရေး အကြောင်းပြချက် တစ်ခုတည်းဖြင့် ကျောင်းကားများကို နေ့ချင်းပြန် မြို့တက်ခွင့် မပြုခြင်းမှာ ခိုင်လုံမှုမရှိကြောင်း ကျောင်းသားမိဘများနှင့် ရပ်တည်ပေးနေသည့် အင်အားစုများက ထောက်ပြကြသည်။
ကျောင်းကားတွေ သွားခွင့်ရပြီလား
ဇွန်လ ၉ ရက်နေ့တွင်မူ လောင်းလုံးမြို့နယ် တောင်ပိုင်းမှ ကျောင်းကားများသည် ထားဝယ်မြို့ပေါ်သို့ ပြန်လည်ဖြတ်သန်း သွားလာနေကြပြီ ဖြစ်သည်။
မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ အချို့ကားများတွင် ကျောင်းသားများက အဖြူအစိမ်း ယူနီဖောင်းများ ဝတ်ဆင်ထားပြီး အချို့ကားများတွင်မူ အရပ်ဝတ်များဖြင့် ကျောင်းတက်ရန် သွားနေကြသည်ကို တွေ့ရကြောင်း ပြောဆိုသည်။
အချို့ကားများတွင်မူ အထုပ်အပိုးများ အပြည့်တင်ဆောင်ကာ မြို့ပေါ်သို့ ပြောင်းရွှေ့ရန် သွားရောက်ကြသူများ ရှိသကဲ့သို့ မြို့ပေါ်တွင် အိမ်ခန်းလိုက်လံရှာဖွေနေသူများလည်းရှိသည်။ ယခင်အတိုင်း နေ့ချင်းပြန် သွားလာနေသူများလည်း ရှိနေသည်။
ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင်လည်း မနေ့ကကဲ့သို့ပင် ပုံမှန်သွားလာနေကြဆဲ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း မည်သည့်အဖွဲ့ကမျှ လာရောက်စစ်ဆေးခြင်း၊ တားမြစ်ခြင်းမျိုး မရှိတော့ကြောင်း ကျောင်းသားမိဘများနှင့် ဒေသခံများက ပြောဆိုကြသည်။
“ကျွန်မတို့ကိုတော့ ကျောင်းကားတွေ စိတ်အေးလက်အေးနဲ့ သွားလို့ရပြီဆိုပြီး ဖုန်းဆက်လာတယ်။ လုံးဝသွားခွင့်မပေးဘူးဆိုတာမျိုးကတော့ ကျွန်မတို့လည်း လက်ခံလို့မရဘူး” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောဆိုသည်။






