မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ မှ တပ်သား ၄ ဦး ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးဝင်ရောက်လာကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
စကခ ၁၉ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်း တပ်သား ၄ ဦးသည် ရေးဘီလူးအဖွဲ့နှင့် ဆက်သွယ်ပြီး မေလ ၁၃ ရက်နေ့က ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရေးဘီလူးအဖွဲ့ထံ ထွက်ပြေး ရောက်လာသည့် စစ်မှုထမ်း တပ်သား ၄ ဦးသည် မောင်ပြည့်ဖြိုးမောင်
ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၃၅၀၊ မောင်မင်းထက်၊ ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၄၀၄၊
မောင်အေးမင်းလှိုင် ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၄၀၁၊ မောင်အားဂျင် ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၃၄၄
တို့ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းစစ်မှုထမ်းတပ်သား ၄ ဦးသည် သံဖြူဇရပ်မြို့၊ ဝဲကလိ အမှတ် ၄ စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၂ တက်ရောက်ခဲ့သူများ ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလက သင်တန်းဆင်းထားကြသူများဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ဆိုသည်။
“သူတို့ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး ရောက်ရှိလာတာဖြစ်တယ်။ သူတို့မှာ သေနတ်တွေတော့ ပါမလာဘူး။ သူတို့က ဝဲကလိ အမှတ် ၄ သင်တန်းကျောင်းဆင်းတွေ ဖြစ်ကြတယ်” ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုစစ်မှုထမ်းတပ်သားများသည် ကရင်ပြည်နယ်ဘက်ကဖြစ်ပြီး စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံရသူများဖြစ်သည်။
ရေးမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်အာဏာရှင် တပ်ရင်း တပ်စခန်းတို့မှ ထွက်ပြေးလာသည့် စစ်မှုထမ်း အဓမ္မစုဆောင်းခံရသူများမှာ ရေးဘီလူးအဖွဲ့နှင့် ချိတ်ဆက်ပြီး ခိုလှုံလာမှုများ မကြာခဏရှိသည်။
ပြီးခဲ့သည့်နှစ် မတ်လအတွင်းကလည်း ရေးမြို့နယ်အခြေစိုက် စကခ ၁၉ က တပ်သား ၆ ဦး ရေးဘီလူအဖွဲ့ထံ ခိုလှုံလာခဲ့သေးသည်။
ရေးဘီလူးအဖွဲ့ကလည်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ၎င်းတို့အဖွဲ့နှင့် ဆက်သွယ်ပြီး အချိန်မရွေး အလင်းဝင်လားနိုင်ကြောင်း ထုတ်ပြန် တိုက်တွန်းထားသည်။
ရေးမြို့နယ်အတွင်းရှိ တပ်ရင်း တပ်စခန်းများမှ ရေးဘီလူးအဖွဲ့ထံ အလင်းဝင်လာသည့် တပ်သားများနှင့် တပ်က ထွက်ပြေးလာရင်း ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိသည့် တပ်သား ၃၀ ဦးထက်မနည်း ရှိနေသည်။







