ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် လမိုင်းမြို့တွင် စစ်ဆေးမှု တင်းကြပ်

May 14, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် မြို့ပေါ်တွင် စစ်ဆေးမှု တင်းကြပ်နေသည်ဟု မြိုခံများထံမှ သိရသည်။

မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက ဒုတင်ရင်းမှူး ထွန်းရာကျော်ကို ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့် မေ ၁၁ ရက်နေ့က လမိုင်းမြို့မရဲစခန်းအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီး နောက်နေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းကစပြီး မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာများ မြို့နှင့် ဆက်စပ်သည့် ကျေးရွာများ၊ ရွာချင်းဆက်လမ်းများတွင် စစ်ကော်မရှင်တပ်က လုံခြုံရေးချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“အဲဒီ ဒုတပ်ရင်းမှူး ပစ်ခတ်ခံရပြီး နောက်နေ့ မနက်ကစပြီးတော့ စစ်သားတွေ နေရာတိုင်းမှာ စောင့်နေပြီးတော့ ဖြတ်သွား ဖြတ်လာသမျှ ဆိုင်ကယ်၊ ကား အကုန်ကို စစ်ဆေးနေတာ။ ဘယ်ကလဲ ဘယ်သွားမလဲ စသဖြင့် စစ်တာ။ ဖမ်းဆီး ဘာညာတော့ မကြားမိသေးပေမယ့် လူတွေက သူတို့နဲ့ကို မဆုံချင်ကြတော့ အသွားအလာ သတိထားရတာပေါ့” ဟု လမိုင်းဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ထိုသို့ ပိတ်ဆို့စစ်ဆေးမှုများ တင်းကြပ်ထားသည့်အတွက် ဒေသခံများ အထူးသဖြင့် လူငယ်များ အကြောင်းမဲ့ဖမ်းဆီးခံရမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းခန့်က လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရသေးသည်။

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လမိုင်းမြို့နှင့် မြို့အနီးနားတဝိုက်ကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုပိတ်ဆို့စစ်ဆေးမှု ပြုလုပ်စဉ်အတွင်းမှာ လမ်းသွား လမ်းလာ လူငယ် ၁၀ ဦးခန့် ဖမ်းဆီးခံရပြီး တစ်ဦးကို ငွေကျပ် ၁၀ သိန်းဖြင့် ပြန်ရွေးခဲ့ရသည့်ဖြစ်စဉ် ရှိခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။