ထရမ့်အစိုးရက အော်ပရေးရှင်း အက်ပစ်ဖျူရီလို့ ခေါင်းစဉ်တပ်ထားတဲ့ အီရန်စစ်ပွဲဟာ မကြာခင်မှာပဲ နှစ်လပြည့်ပါတော့မယ်။ ဒီအချိန်မှာတော့ ဝါရှင်တန်က စစ်ဗိုလ်ချုပ်တွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မမေးနိုင်ကြတဲ့ မေးခွန်းတစ်ခုကို ခေတ္တရပ်ပြီး မေးကြည့်ဖို့ ကောင်းနေပါပြီ။
အဲဒါကတော့ “တကယ်တမ်း ဘာတွေ ဖြစ်လာမယ်လို့ ငါတို့ တွေးထားခဲ့တာလဲ” ဆိုတာပါပဲ။
စစချင်း တိုက်ခိုက်မှုမှာပဲ အဓိပတိခေါင်းဆောင် အလီခါမေနီ သေဆုံးခဲ့ပါတယ်။ ဒီနောက်မှာတော့ အီရန်ဆီကနေ လက်တုံ့ပြန်မှုအဖြစ် ဒေသတွင်းကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ ထောင်နဲ့ချီတဲ့ ဒရုန်းတွေ ကျရောက်လာခဲ့ပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေကြောင့် အီရန်နဲ့ လက်ဘနွန်မှာ လူထောင်ချီ သေဆုံးရပါတယ်။ အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေမှာ ဒါဇင်နဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ရသလို သန်းနဲ့ချီတဲ့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ ဟော်မုဇ် ရေလက်ကြားဟာ စစ်မြေပြင် ဖြစ်သွားပါပြီ။
ဒါတွေဖြစ်ပြီးနောက် ဝါရှင်တန်နဲ့ တီဟီရန်အကြား အမြင့်ဆုံးအဆင့် တိုက်ရိုက် ဆွေးနွေးမှုဖြစ်တဲ့ အစ္စလာမာဘတ်က ၂၁ နာရီကြာ မာရသွန်ဆွေးနွေးပွဲ အပြီးမှာတော့ နှစ်ဖက်လုံးဟာ ဘာသဘောတူညီချက်မှ မရဘဲ ပြန်သွားခဲ့ကြပါတယ်။
ဒါဟာ စစ်ပွဲကာလ တစ်လခွဲ ရှိလာချိန်မှာ ကြုံတွေ့နေရတဲ့ အခြေအနေပါ။ ဒါကြောင့် လက်ရှိ အခြေအနေကို သွေးအေးအေးနဲ့ ဆင်ခြင်ကြည့်ပြီး အမေရိကန်မှာရှိနေတဲ့ ရွေးချယ်စရာတွေကို လေ့လာကြည့်ရအောင်။
ပထမ ရွေးချယ်စရာ – ပိတ်ဆို့ဖြတ်တောက်ပြီး အပြင်းအထန် ဖိအားပေးတာကို နှစ်ဆတိုးရေး
အမေရိကန်ရဲ့ အလယ်ပိုင်း စစ်ဌာနချုပ်က အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့တာကို စတင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ အစွန်းရောက်တဲ့ လမ်းစဉ်ပါပဲ။ မအောင်မြင်တာကိုပဲ ဖိအားတွေ ပိုထည့်ပြီး ထပ်လုပ်မယ် ဆိုတဲ့ ယုတ္တိဗေဒပေါ့။
၂၀၀၃ တုန်းက အီရတ်ကို လွတ်မြောက်အောင် လုပ်ပေးသူတွေက ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားလိုက်ရင် အာရပ်ကမ္ဘာတစ်ခုလုံးမှာ ဒီမိုကရေစီလှိုင်းလုံးတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ အာမခံခဲ့တုန်းကလည်း ဒီအကြောင်းပြချက်ကို ကြားခဲ့ရဖူးပါတယ်။
အာဖဂန်နစ္စတန် စစ်ပွဲ အဆုံးသတ်မှာလည်း အစိုးရ နောက်တစ်ခုကနေ “စစ်အင်အား ထပ်တိုးလိုက်ရင်၊ နောက်ဆုံး သတ်မှတ်ချက် တစ်ခုထပ်ပေးလိုက်ရင် ဆယ်စုနှစ် နှစ်ခုစာ ကျွန်တော်တို့ မရခဲ့တဲ့ အရှုံးပေးမှုမျိုး ရလာလိမ့်မယ်” လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် ပြောနေတုန်းကလည်း ဒါကို ကြားခဲ့ရပြန်ပါတယ်။
“အပြင်းအထန် ဖိအားပေးခြင်း” မှာ ခိုင်မာတဲ့ မှတ်တမ်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဒုက္ခကို အများဆုံး ဖြစ်စေပြီး မဟာဗျူဟာမြောက် ရလဒ်ကိုတော့ အနည်းဆုံးပဲ ရစေတာပါ။
စစ်စဖြစ်ကတည်းက ရေနံဈေးက ၃၁ ရာခိုင်နှုန်းကျော် တက်သွားပါပြီ။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကျွမ်းကျင်သူ တစ်ယောက်ကတော့ စစ်ပွဲပြီးသွားရင်တောင် ၂၀၂၆ နှစ်ကုန်အထိ ရေနံဈေးတွေ မြင့်နေဦးမယ်လို့ သတိပေးထားပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံ အဆောက်အဦတွေ ပျက်စီးတာနဲ့ သင်္ဘောလမ်းကြောင်းတွေ ပြတ်တောက်သွားတာကို တစ်ညတည်းနဲ့ ပြန်ပြင်လို့ မရနိုင်လို့ပါ။
ရေတပ်နဲ့ ပိတ်ဆို့တာဟာ တီဟီရန်ကိုပဲ ကျပ်တည်းစေတာ မဟုတ်ပါဘူး၊ တိုကျို၊ ဆိုးလ်၊ ဘာလင်နဲ့ နယူးဒေလီတို့ကိုပါ ရိုက်ခတ်စေပါတယ်။ အမေရိကန် စားသုံးသူတွေလည်း ဆီဆိုင်မှာ အခက်တွေ့ရမှာပါ။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် မရှိမဖြစ် စေ့စပ်ညှိနှိုင်းပေးသူအဖြစ် တိတ်တဆိတ် နေရာယူနေတဲ့ ဘေကျင်းအတွက်လည်း ရေနံစည်ထဲ ထည့်ထားတဲ့ ပထဝီနိုင်ငံရေး လက်ဆောင်တစ်ခု ရလိုက်သလို ဖြစ်နေပါတယ်။
အီရန်ဘက်ကို ကြည့်ကြပါစို့။ လက်ရှိ အစိုးရအပေါ်မှာ အီရန်ပြည်သူတွေရဲ့ မကျေနပ်ချက်တွေက တကယ့်ကို ကြီးမားနက်ရှိုင်းနေတာ မှန်ပေမဲ့ အခုတော့ အာဏာရှင် အစိုးရတိုင်း လိုလားတဲ့ အားအကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်တဲ့ “ပြည်ပရန်သူ” ဆိုတာကို သူတို့ ရသွားပါပြီ။
စစ်ဆင်ရေး ချမှတ်သူတွေ မျက်ကွယ်ပြုခဲ့ဟန်ရှိတဲ့ မေးခွန်းကို မေးကြည့်ရပါမယ်။
“နိုင်ငံခြား အင်အားကြီးတွေက မင်းတို့ မြို့တွေကို ဗုံးကြဲတယ်၊ မင်းတို့ရဲ့ အဓိပတိခေါင်းဆောင်ကို လုပ်ကြံတယ်၊ မင်းတို့ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့တယ်ဆိုရင် မင်းတို့က မင်းတို့အစိုးရကို ဆန့်ကျင်မှာလား၊ ဒါမှမဟုတ် ဗုံးကြဲနေတဲ့ နိုင်ငံခြားသားတွေကို ပြန်တိုက်မှာလား။”
ဒုတိယ ရွေးချယ်စရာ – အစိုးရ အပြောင်းအလဲဖြစ်အောင် စစ်ရေးအရ အရှိန်မြှင့်ဖို့
အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုတွေ စလုပ်တုန်းက အီရန်မှာ အစိုးရ အပြောင်းအလဲဖြစ်ဖို့နဲ့ အီရန်ရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းတွေကို ပစ်မှတ်ထားဖို့လို့ ပြောခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အစီအစဉ်ပေါ့။ တစ်လခွဲအထိ ကြာလာချိန်မှာတော့ အီရန်အစိုးရဟာ အပြင်းအထန် ထိုးနှက်ခံထားရပေမဲ့ ပြိုလဲမသွားသေးပါဘူး။
အီရန်ရဲ့ AMAD နျူကလီးယား စီမံကိန်းဟာ နျူကလီးယား လက်နက်တွေကို ဆန့်ကျင်တဲ့ ခါမေနီရဲ့ ဘာသာရေး အမိန့်အရ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအမိန့်ကို ထုတ်ခဲ့တဲ့သူက လေကြောင်းတိုက်ခိုက်မှုမှာ အသတ်ခံလိုက်ရတဲ့အတွက် ဒီအမိန့်က အခု အချည်းနှီး ဖြစ်သွားပါပြီ။ ကျန်ခဲ့တဲ့ သဘောထားတင်းမာသူတွေဟာ အရင်လူတွေလို ဘာသာရေးအရ ထိန်းချုပ်မှုတွေကို လိုက်နာတော့မှာ မဟုတ်ပါဘူး။
“အမေရိကန်ရဲ့ လေကြောင်းအင်အားဟာ အမေရိကန်ရဲ့ စည်းကမ်းချက်တွေကို လိုလိုလားလား လက်ခံမယ့် အစိုးရသစ်တစ်ရပ် ဖြစ်ပေါ်လာစေလိမ့်မယ်” ဆိုတဲ့ စိတ်ကူးယဉ်မှုဟာ အခုတော့ တိုက်ရိုက် စမ်းသပ်ခံလိုက်ရပါပြီ။
အဖြေကတော့ “မဖြစ်နိုင်ဘူး” ဆိုတာပါပဲ။
အီရန်က အရှုံးမပေးပါဘူး။ ပြန်တိုက်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်ယှက်ပါတယ်။ ကျန်နေတဲ့ သူ့ရဲ့ လက်ဝေခံ ကွန်ရက်တွေကို စုစည်းပါတယ်။ ဟက်ဇ်ဘိုလာက ရက်ပိုင်းအတွင်း စစ်ပွဲထဲ ဝင်လာသလို ဟူသီတွေကလည်း ပင်လယ်နီထဲမှာ အမေရိကန်နဲ့ အစ္စရေး အလံလွှင့်ထားတဲ့ သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်တိုက်နေပါပြီ။
စစ်ပွဲကို ဒီထက်ပိုပြီး အရှိန်မြှင့်တာ၊ ရေလက်ကြားကို အင်အားသုံးပြီး ပြန်ဖွင့်ဖို့ မြေပြင်စစ်ဆင်ရေးတွေ လုပ်တာမျိုးဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး မဟာဗျူဟာမြောက် အမှားတွက်ချက်မှု တစ်ခု ဖြစ်လာပါလိမ့်မယ်။
တတိယ ရွေးချယ်စရာ – အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို လက်တွေ့ကျကျ သုံးသပ်ပြီး ညှိနှိုင်းအဖြေရှာဖို့
ထရမ့်အစိုးရ သတ်မှတ်ထားတဲ့ ရေပူစည်း အတော်များများကို အီရန်ဘက်က သဘောမတူတဲ့အတွက် ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရပါတယ်။ အဲဒီ စည်းတွေထဲမှာ ယူရေနီယံ သန့်စင်မှု အားလုံးကို ရပ်တန့်ဖို့၊ နျူကလီးယား သန့်စင်တဲ့ စက်ရုံကြီးအားလုံးကို ဖျက်သိမ်းဖို့၊ အီရန်ရဲ့ အဆင့်မြင့် သန့်စင်ထားတဲ့ ယူရေနီယံတွေကို ပြန်လည် သိမ်းဆည်းဖို့၊ မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့နေတာတွေ ရပ်ဖို့နဲ့ ဟော်မုဇ် ရေလက်ကြားကို ဘာအခကြေးငွေမှ မပေးဘဲ အပြည့်အဝ ဖွင့်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။
ဒါဟာ စစ်မရှုံးသေးတဲ့ ရန်သူကို အလုံးစုံ အရှုံးပေးဖို့ တောင်းဆိုနေတဲ့ အစွန်းရောက် အင်အားကြီးနိုင်ငံရဲ့ တောင်းဆိုချက်တွေပါ။ တီဟီရန်မှာ ကျရှုံးမှုတွေ အများကြီး ရှိနေပေမဲ့ သူတို့ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက အီရတ်နဲ့ ၈ နှစ်ကြာ စစ်ပွဲ၊ ဆယ်စုနှစ်များစွာ ပိတ်ဆို့မှုတွေ၊ သူတို့ရဲ့ ဗိုလ်ချုပ်တွေနဲ့ သိပ္ပံပညာရှင်တွေ လုပ်ကြံခံရတာတွေကို ကြံ့ကြံ့ခံနိုင်ခဲ့သလို အခုလည်း ခေတ်သစ်သမိုင်းမှာ အပြင်းထန်ဆုံး လေကြောင်းဗုံးကြဲမှုကို ခံနိုင်ရည် ရှိနေတုန်းပါပဲ။
အီရန်ဘက်ကတော့ ဟော်မုဇ် ရေလက်ကြားကို သူတို့ ထိန်းချုပ်ခွင့်ရဖို့၊ စစ်လျော်ကြေးပေးဖို့နဲ့ လက်ဘနွန် အပါအဝင် ဒေသတွင်း အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုနေပါတယ်။ ဒီတောင်းဆိုချက် နှစ်ခုဟာ အခုထိတော့ ညှိလို့ မရသေးပါဘူး။ ဒါပေမဲ့ ဒါဟာ ဆွေးနွေးလို့ မရဘူးဆိုတဲ့ သက်သေ မဟုတ်ပါဘူး။ နှစ်ဖက်လုံးဟာ နိုင်ငံရေးအရ အပေးအယူလုပ် ရလောက်တဲ့အထိ နာကျင်ဆုံးရှုံးမှုမျိုး ကိုယ့်နိုင်ငံအတွင်းမှာ မခံစားရသေးဘူးဆိုတာကို ပြနေတဲ့ သက်သေပါပဲ။
တတိယ ရွေးချယ်စရာဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှုဟာ ရုရှားနဲ့ တရုတ်တို့ပါ ပါဝင်လာနိုင်တဲ့ ဒေသတွင်း ကပ်ဆိုးကြီး ဒါမှမဟုတ် ရုန်းမထွက်နိုင်တဲ့ စစ်တွင်းထဲ မကျရောက်စေမယ့် တစ်ခုတည်းသော လမ်းစ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်အနေနဲ့ သူ သိပ်မလုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ အမေရိကန်ရဲ့ ပင်မလုံခြုံရေးနဲ့ အမေရိကန်လိုချင်တဲ့ဆန္ဒစာရင်းကို ခွဲမြင်ဖို့ပါပဲ။
အီရန်ကို နျူကလီးယားလက်နက် မရအောင် တားဆီးတာဟာ အမေရိကန်ရဲ့ တရားဝင် အကျိုးစီးပွား ဖြစ်ပါတယ်။ ဒါပေမဲ့ နျူကလီးယား စီမံကိန်းအားလုံးကို ဖျက်သိမ်းဖို့၊ လျော်ကြေးပေးဖို့၊ ရေလက်ကြား ထိန်းချုပ်မှုကို လက်လွှတ်ဖို့နဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု အားလုံးကို အဆုံးသတ်ဖို့ တောင်းဆိုတာကျတော့ ဆွေးနွေးညှိနှိုင်းတာ မဟုတ်တော့ပါဘူး။ အဲဒါဟာ စစ်မရှုံးသေးတဲ့ နိုင်ငံတစ်နိုင်ငံကို အရှုံးပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဒုတိယသမ္မတ ဂျေဒီဗန့်စ်က “အီရန်တွေ လက်ခံမလား ကြည့်ရမှာပေါ့” လို့ ပြောပြီး သဘောတူညီချက် ရနိုင်သေးတဲ့ အခြေအနေကို ဖွင့်ထားခဲ့ပါတယ်။ ဒါက ခပ်ရှင်းရှင်းပဲ ပြောရရင် သံတမန်နည်းလမ်းအရ ကမ်းလှမ်းချက် မဟုတ်ပါဘူး။ ပါကစ္စတန်က လက်ရှိ စေ့စပ်ညှိနှိုင်းပေးနေပြီး ရှေ့ဆက်လည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာ ဆက်လက် ပါဝင်သွားမယ်လို့ ပြောထားပါတယ်။ ဝါရှင်တန်နဲ့ တီဟီရန်ကြားမှာ သမိုင်းတစ်လျှောက် တိတ်တဆိတ် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အိုမန်ကလည်း အသင့်ရှိနေဆဲပါ။
မေးခွန်းကတော့ ထရမ့်အစိုးရမှာ သူတို့ကို အသုံးချဖို့ မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံမှု ရှိသလားဆိုတာပါပဲ။
သမိုင်းက ဘာပြောလဲ
စာရေးသူရဲ့ သက်တမ်းတစ်လျှောက် အချိန်အတော်များများကို အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ မူဝါဒ ကျရှုံးမှုတွေကို လေ့လာရင်း ကုန်ဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို စာအုပ် နှစ်အုပ်တောင် ရေးခဲ့ပြီးပါပြီ။ ခဏခဏ ဖြစ်နေတဲ့ ဒီရောဂါဟာ စစ်အင်အားချို့တဲ့လို့ မဟုတ်ပါဘူး။ အမေရိကန်မှာ ဖျက်ဆီးနိုင်စွမ်း အပြည့်အဝ ရှိတယ်ဆိုတာ အခုလည်း ကောင်းကောင်းကြီး သက်သေပြထားပါပြီ။ တကယ်တမ်း လိုအပ်နေတာက “နောက်နေ့ ဘာလုပ်မလဲ” ဆိုတဲ့ မူဝါဒပါ။
ပိတ်ဆို့မှုတွေ ပြီးရင် ဘာဖြစ်မလဲ။ အစိုးရ ပြိုလဲသွားရင် ဘာဆက်ဖြစ်မလဲ။ အီရတ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တူရကီနဲ့ ကော့ကေးဆပ် ဒေသတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လူဦးရေ ၉၃ သန်းရှိတဲ့ အီရန်နိုင်ငံကြီးမှာ ဖြစ်ပေါ်လာမယ့် လေဟာနယ်ကို ဘယ်သူက လာဖြည့်မလဲ။
မကြာသေးခင် နှစ်တွေအတွင်း အီရန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားခဲ့တဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေအပေါ် အီရန်ရဲ့ ပြန်လည် တိုက်ခိုက်မှုတွေကြောင့် အီရန်ဟာ ပိုပြီး အထီးကျန်သွားနိုင်ပေမဲ့ အထီးကျန်တာဟာ တည်ငြိမ်မှု မဟုတ်ပါဘူး။ အီရန်သာ ပြိုလဲသွားမယ်ဆိုရင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီး ဖြစ်လာမှာပါ။ ဒါဟာ အမေရိကန်ရဲ့ အရင်းအမြစ်တွေနဲ့ အာရုံစိုက်မှုတွေကို မျိုးဆက်တစ်ခုစာလောက် ဝါးမြိုသွားမယ့် ပထဝီနိုင်ငံရေး တွင်းနက်ကြီးတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။
ဝါရှင်တန်မှာ ရွေးချယ်စရာတွေ ရှိပါတယ်။ စစ်ကို အရှိန်မြှင့်မလား၊ ဆွေးနွေးမလား၊ ဒါမှမဟုတ် ကမ္ဘာ့စီးပွားရေးနဲ့ အမေရိကန်ရဲ့ ယုံကြည်ကိုးစားမှုကို တစ်ပြိုင်နက်တည်း သွေးထွက်သံယို ဖြစ်စေမယ့် ရှည်လျားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုကိုပဲ လက်ခံမလား။ ဒီရွေးချယ်စရာတွေထဲမှာ ဘယ်ဟာမှ မကောင်းပါဘူး။
ဒါပေမဲ့ အဆိုးဆုံးတွေထဲက အဆင်အပြေဆုံး ရွေးချယ်စရာကတော့ ကျွန်တော်တို့ရဲ့ စစ်လိုလားသူတွေ ရှက်စရာအကောင်းဆုံးလို့ ထင်နေတဲ့ အချက်ပါ။ ဒီအချက်ကတော့ အီရန်ကို အလုံးစုံ အရှုံးပေးခိုင်းတာ မဟုတ်ဘဲ နှစ်ဖက်စလုံးက အောင်ပွဲခံတယ်လို့ ပြောလို့ရမယ့်၊ စီးပွားရေး ပျက်စီးမှုတွေ ပြန်ပြင်မရတဲ့အထိ မဖြစ်ခင် ကမ္ဘာ့သင်္ဘော လမ်းကြောင်းတွေကို ပုံမှန် ပြန်လည် လည်ပတ်နိုင်စေမယ့် သဘောတူညီချက်တစ်ခုကို လုပ်ဆောင်ဖို့ပါပဲ။
အရှိကိုအရှိအတိုင်း ရှုမြင်တဲ့ ရီယယ်လစ်ဇင်ဝါဒဟာ ဝါရှင်တန်မှာ ဘယ်တုန်းကမှ ခေတ်မစားခဲ့ပါဘူး။ ဒါပေမဲ့ တခြား နည်းလမ်းတွေနဲ့ ယှဉ်လိုက်ရင် သူ့မှာ ထူးခြားတဲ့ အားသာချက်ရှိပါတယ်။ ဒါကတော့ တစ်ခါတစ်ရံမှာ ဒီနည်းလမ်းက မှန်ကန်နေတတ်တဲ့အချက်ပါ။
ရာဗီချန်ဒရာကူးမား
ရည်ညွှန်း – Iran war as a cage Trump can’t escape by Leon Hadar, SUBSTACK







