ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အနုတင်အစိုးရကို မှတ်ကျောက်တင်မည့် သံတမန်စာမေးပွဲသုံးရပ်

May 4, 2026

ရာထူးလက်ခံပြီး သီတင်းသုံးပတ် မပြည့်မီမှာပင် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရာကူတစ်ယောက် နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ ဦးစားပေးလုပ်ငန်း သုံးရပ်ကို မီးစိမ်းပြလိုက်၏။ ၎င်းတို့မှာ ကမ္ဘောဒီးယားနှင့် တင်းမာမှုများကို စီမံခန့်ခွဲခြင်း၊ နိုင်ငံတောင်ပိုင်း နယ်စပ်ခရိုင်များရှိ မငြိမ်မသက်မှုများကို ဖြေရှင်းခြင်းနှင့် မြန်မာ့အရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် တိတ်တဆိတ် ပြင်ဆင်ခြင်းဟူသည့် အချက်များ ဖြစ်သည်။

သူ၏ ကနဦး မူဝါဒလမ်းညွှန်ချက်တွင် အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးနှင့် နိုင်ငံတောင်ပိုင်းရှိ ကာလရှည်ကြာနေပြီဖြစ်သော လက်နက်ကိုင် လှုပ်ရှားမှုများကို အလေးပေး အာရုံစိုက်ထားသော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍မူ တိုက်ရိုက်ရည်ညွှန်းပြောဆိုခြင်းမျိုး ရှောင်ရှားခဲ့သည်။ ဤသည်မှာလည်း ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဝန်ကြီးချုပ်အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးရှိ ထိရှလွယ်သော အရေးကိစ္စများကို လူအများ အာရုံစုပြုံလာခြင်းမျိုး မဖြစ်စေဘဲ တိတ်တဆိတ် ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပုံရသည်။

မြန်မာ့အရေး

အနုတင် 2.0 အစိုးရ ဖွဲ့စည်းပြီးနောက် ၁၀ ရက်အကြာမှာပင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူကတ်ကော၏ နေပြည်တော် ခရီးစဉ် ထွက်ပေါ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် ဘန်ကောက်၏ အစီအစဉ်တွင် ပါဝင်နေကြောင်း သိသာသည်။

မြန်မာအစိုးရသစ်ကို သမ္မတမင်းအောင်လှိုင်က ဦးဆောင်နေသည်။ ယခုကဲ့သို့ စောစောစီးစီး ခြေလှမ်းပြင်ခြင်းက ဘန်ကောက်အနေဖြင့် နေပြည်တော်ရှိ ခေါင်းဆောင်သစ်နှင့် ဆက်လက် ထိတွေ့ဆက်ဆံလိုကြောင်း ပြသနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အခြေအနေများသည် မငြိမ်မသက် ရှိနေဆဲဖြစ်ရာ ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းမှာ နိုင်ငံရေးနှင့် သံတမန်ရေးရာအရ အရဲစွန့်ရသည့် အနေအထားဖြစ်သည်။ ဝန်ကြီးဆီဟာဆက်၏ ခရီးစဉ်အတွင်း ထိုင်းကိုယ်စားလှယ်အဖွဲ့သည် သမ္မတအပြင် ဝန်ကြီးဌာနများနှင့် ကဏ္ဍအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ အပြုသဘောဆောင်သည့် အမြင်များ ရရှိခဲ့သည်ဟု ကြားသိရသည်။

တိုးတက်လာသည့် ထိုင်း-မြန်မာ ဆက်ဆံရေး အလားအလာကို ကြည့်လျှင် အကြောင်းရင်း သုံးရပ်ကို ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။

ပထမအချက်မှာ ဘန်ကောက်အနေဖြင့် သက်ဆိုင်သူအားလုံး အကျုံးဝင်သော ဆွေးနွေးပွဲများမှတစ်ဆင့် မြန်မာ့ပဋိပက္ခ၏ တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးလိမ့်မည်ဟု ယူဆရသည့်အချက် ဖြစ်သည်။ နေပြည်တော်သည် အတိုက်အခံ အင်အားစုများကို ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပူးပေါင်းပါဝင် ဆွေးနွေးကြရန် ဖိတ်ခေါ်ထားသည်။ လက်ရှိအထိတော့ ထိုအဖွဲ့များက ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြသည်။

ဒုတိယအချက်မှာ ထိုင်းစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ရန် မြန်မာက ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ထိုလုပ်ငန်းများအနက် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်သွားပြီးနောက် ရုရှား၏ စီမံခန့်ခွဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ပါဝင်သည်။

ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် ဤစီမံကိန်းများကို ရှေ့ဆက်ရန်အတွက် ဆိုလျှင် ထိုင်းနိုင်ငံ၏ အခြားသော နိုင်ငံတကာ မိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုသည်လည်း အရေးပါမည်ဖြစ်သည်။ ဂျပန်ဆိုလျှင် ယခင်က အရေးပါသော မိတ်ဖက်ဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြားသော သဘောတူညီချက်များမှာ ဆက်ရှိနေဆဲဖြစ်သည်။

တတိယအချက်မှာ မြန်မာနှင့် အာဆီယံအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလိုသည့် ထိုင်းနိုင်ငံ၏ ဆန္ဒ ဖြစ်သည်။ ဝန်ကြီး ဆီဟာဆက်၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့သစ်အပေါ် နားလည်မှုဖြင့် အသိအမှတ်ပြုသည့် လုပ်ရပ်ဟု အများက ရှုမြင်ကြသည်။ ဤခရီးစဉ်သည် နေပြည်တော်တွင် အစိုးရဖွဲ့စည်းပြီး ၁၀ ရက်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မကြာသေးမီကမှ သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄၀၀၀ ကျော် ပြန်လွတ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကို လျှော့ချပေးပြီး နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲခဲ့သည်။ သူမကို ပြန်လွှတ်ပေးရန် အာဆီယံက ကာလရှည်ကြာ တောင်းဆိုနေခဲ့သည်။

လက်ရှိ အခြေအနေအရ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၌ မည်သို့သော တိုးတက်မှုများ ရှိခဲ့သည် (အကယ်၍ ရှိခဲ့လျှင်) ကို အကဲဖြတ်ရန် အလွန်အရေးကြီးသည်။ ဤလုပ်ရပ်က မြန်မာကို အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ရောက်ခွင့် ပြု၊မပြု ဆုံးဖြတ်ရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။

မည်သည့် ဆုံးဖြတ်ချက်မဆိုသည် အကြမ်းဖက်မှုများကို လျှော့ချရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ခွင့်ပြုရန်နှင့် ဘက်ပေါင်းစုံ ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးမည့် လက်တွေ့ကျသော လုပ်ရပ်များအပေါ် အခြေခံသင့်သည်။

အစိုးရသစ် တက်လာပြီဖြစ်သောကြောင့် အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်၏ ပန်းတိုင်များနှင့်အညီ အဓိပ္ပာယ်ရှိသော တိုးတက်မှုကို မြင်တွေ့ရန် လိုအပ်မည်ဖြစ်သည်။ အာဆီယံသည် စီဘူးမြို့တွင် ပြုလုပ်သည့် အလွတ်သဘော အစည်းအဝေးတစ်ခုသို့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို မြန်မာနိုင်ငံ၏ အမြင်များကို တင်ပြရန် ဖိတ်ကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် နွေးထွေးသော ကြိုဆိုမှုများ ရှိနေသည့် တချိန်တည်း၌ အာဆီယံသည် ၎င်း၏ အခြေခံမူများအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ရမည်ဖြစ်သလို တစ်ဖက်တွင်လည်း နေပြည်တော်နှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ရှင်းလင်းသော လမ်းစတစ်ခု ပေးထားရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်နှင့် အကျပ်အတည်းတွင် အဖွဲ့၏ အခန်းကဏ္ဍကို အားကောင်းစေရန် ကူညီပေးနိုင်မည် ဖြစ်သည်။

လောလောဆယ်တွင် ထိုင်းနိုင်ငံသည် မြန်မာဗဟိုအစိုးရကို ထောက်ခံမှုပေးခြင်းနှင့် ၂၄၀၁ ကီလိုမီတာ ရှည်လျားသော နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်နှင့် လက်နက်မဲ့ တိုင်းရင်းသားအဖွဲ့များနှင့် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံခြင်းတို့အကြား ဟန်ချက်ညီအောင် လုပ်ဆောင်နေပုံရသည်။

တကယ်တမ်း ပြောရလျှင် ထိုအဖွဲ့များသည် လက်ရှိ နိုင်ငံရေး လမ်းကြောင်းကို အပြည့်အဝ လက်ခံနိုင်ခြေ မရှိပေ။ အနုတင်အစိုးရကမူ ထိုင်းနိုင်ငံအတွက် အကျိုးရှိစေမည့် တည်ငြိမ်သော ပဋိပက္ခလွန် ကူးပြောင်းရေးကာလကို မြန်မာထံမှ မျှော်လင့်လျက်ရှိသည်။

ကမ္ဘောဒီးယားနှင့် ဆက်ဆံရေး

မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှု တိုးလာသော်လည်း ထိုင်းနိုင်ငံ၏ အရေးတကြီးဆုံး သံတမန်ရေးရာ စိန်ခေါ်မှုမှာ ကမ္ဘောဒီးယားနှင့် ဆက်ဆံရေး ဖြစ်သည်။

လွှတ်တော်သို့ တင်သွင်းသည့် မူဝါဒ ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ် အနုတင်က ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဖော်ပြထားသည်။ သို့သော်လည်း ရှေ့ဆက်ရမည့် လမ်းမှာ ရှုပ်ထွေးနေဆဲ၊ အမျိုးသားရေးစိတ်ဓာတ်များကြောင့် ရုပ်ထွက်မလှဘဲ ရှိနေဆဲဖြစ်သည်။

ဝန်ကြီးချုပ် အနုတင်သည်လည်း သူ့ကို အစိုးရအဖွဲ့ရုံးသို့ ပြန်ရောက်အောင် ပံ့ပိုးပေးခဲ့သော အမျိုးသားရေး အရှိန်အဟုန်ကို စိန်ခေါ်ရန် ဆန္ဒရှိပုံ မပေါ်ပေ။

အမျိုးသားလုံခြုံရေးကောင်စီသည် ပြီးခဲ့သည့် သီတင်းပတ်၌ နယ်စပ်မျဉ်း သတ်မှတ်ရေးဆိုင်ရာ ၂၀၀၁ ခုနှစ် နားလည်မှုစာချွန်လွှာ ‘MOU 44’ ကို ပယ်ဖျက်ခဲ့သည်။ ပြီးခဲ့သည့် ၂၆ နှစ်လုံးလုံး တိုးတက်မှု အကန့်အသတ်သာ ရှိသော်လည်း ဤစာချွန်လွှာသည် နှစ်နိုင်ငံ ဆွေးနွေးပွဲများအတွက် မူဘောင်တစ်ခု အဖြစ် ရှိနေခဲ့သည်။ ယခုနောက်ဆုံး လုပ်ရပ်သည် တင်းမာမှုများ မြင့်တက်စေမည့် အန္တရာယ်ရှိသည်။

ဖနွမ်ပင်သည် ထိုင်းနိုင်ငံနှင့် အငြင်းပွားမှုများ ရှိလာလျှင် ဥပဒေကြောင်းအရ သို့မဟုတ် သံတမန်ရေးအရ အရေးယူနိုင်ရေးအတွက် နိုင်ငံတကာသို့ ချပြရန် ကြိုးပမ်းလေ့ရှိသည်။ ဝန်ကြီးချုပ် ဟွန်မာနက်ကတော့ နယ်စပ်ပြဿနာများကို ဖြေရှင်းရန် နှစ်နိုင်ငံယန္တရားများကိုသာ ပိုမိုနှစ်သက်ကြောင်း မကြာသေးမီက ပြောကြားထားသည်။

လက်ရှိတွင် လေးလကြာ အပစ်အခတ်ရပ်စဲရေးမှာ တည်မြဲနေဆဲဆိုသော်လည်း ထိရှလွယ် အနေအထား ဖြစ်သည်။ နယ်စပ်တွင် ဖြစ်ပွားသည့် သေးငယ်သော ဖြစ်ရပ်များသည်ပင် လူမှုကွန်ရက်နှင့် အမျိုးသားရေး လှုံ့ဆော်မှုများကြောင့် သဘောတူညီချက်ကို ပျက်ပြားသွားစေနိုင်သည်။ နှစ်ဖက်လုံးအနေဖြင့် အတတ်နိုင်ဆုံး ဆင်ခြင်ထိန်းသိမ်းမှ တော်ရာကျမည် ဖြစ်သည်။

သက်ဆိုးရှည်နေသည့် ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားမှုသည် ဒေသတွင်း သံတမန်ရေးကိုလည်း ရှုပ်ထွေးစေနိုင်သည့် အန္တရာယ် ရှိနေသည်။

ထိုင်းနှင့် တရုတ်တို့သည် ပြီးခဲ့သည့်နှစ်က ရွှေ့ဆိုင်းခဲ့သော ပဥ္စမအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (MLC) ကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေကြသည်။ နှစ်နိုင်ငံ တင်းမာမှုများ ဆက်ရှိနေပါက ကမ္ဘောဒီးယား၏ ပါဝင်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။ MLC အဖွဲ့တွင် တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့ ပါဝင်သည်။

တောင်ပိုင်းခရိုင်များ မငြိမ်မသက်မှု

ထိုင်းအစိုးရ၏ တတိယမြောက် မှတ်ကျောက်ကား မွတ်ဆလင်အများစု နေထိုင်ရာ နိုင်ငံတောင်ပိုင်းတွင် ဖြစ်သည်။ ဤအကျပ်အတည်းမှာ ပြည်တွင်းနှင့် နိုင်ငံတကာ ရှုထောင့်နှစ်ရပ်လုံး ပါဝင်နေသည်။

ထိုင်းအစိုးရ အဆက်ဆက်က ထိုဒေသတွင် မငြိမ်မသက်မှုများကို နှိမ်နင်းရန် ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများအတွက် ဘတ်ငွေ ဘီလီယံပေါင်းများစွာ သုံးစွဲခဲ့သော်လည်း ရလဒ်မှာ အကန့်အသတ်ဖြင့်သာ ရှိခဲ့သည်။ အဂတိလိုက်စားမှု၊ မူဝါဒ မညီညွတ်မှုနှင့် ဒေသခံများ ပါဝင်မှု အားနည်းခြင်းတို့က တိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်။

ယခုအခါ အရပ်သားတစ်ယောက် ခေါင်းဆောင်ဆောင်သော ငြိမ်းချမ်းရေးအဖွဲ့သစ်က ထိုင်းဘက်မှ ဆွေးနွေးမှုများကို ဦးဆောင်မည်ဖြစ်သည်။ အစိုးရအနေဖြင့် အများစု ထောက်ခံမှု ရရှိထားသဖြင့် ယခုတစ်ကြိမ်တွင် ထူးခြားလာနိုင်မည်ဟု မျှော်လင့်ရသည်။

ဗဟိုအစိုးရသည် ဒေသခံများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်သရုပ်များကို အသိအမှတ်ပြုရန် တောင်းဆိုမှုများ အပါအဝင် ကာလရှည်ကြာ နစ်နာချက်များကို ဖြေရှင်းပေးရမည် ဖြစ်သည်။ သို့မှသာ လူမှုအသိုင်းအဝိုင်းများအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်နိုင်ပေမည်။

ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတောင်ပိုင်းခရိုင်များသည် အနုတင် 2.0 အစိုးရအတွက် အိမ်နီးချင်း ရှေ့တန်းမျက်နှာစာ သုံးခုဖြစ်သည်။ ယခုအဆင့်တွင် အစိုးရအနေဖြင့် ပိုမိုရှုပ်ထွေးလာသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကျွမ်းကျင်မှု၊ မှန်ကန်သော ဆုံးဖြတ်ချက်နှင့် ရှင်းလင်းသော ဆက်သွယ်ပြောဆိုမှုတို့ ပေါင်းစပ်ထားသည့် ခေါင်းဆောင်တစ်ဦး လိုအပ်လျက်ရှိသည်။

ထိုင်းသည် မြန်မာနှင့် ဆက်ဆံရေး တည်ငြိမ်အောင် ဦးစားပေး ဆောင်ရွက်နိုင်ခြေ ရှိသည်။ တချိန်တည်း၌ ကမ္ဘောဒီးယားနှင့် တင်းမာမှုများကိုမူ အရှုံးအချို့ရှိလျှင်တောင် ဘာသိဘာသာ လွှတ်ပေးထားနိုင်သည်။

ဝန်ကြီးချုပ်အနုတင် အနေဖြင့် တောင်ပိုင်းခရိုင်များတွင် ပိုမိုပြတ်သားသော ခေါင်းဆောင်တစ်ဦး ဖြစ်မလာပါက အမြစ်တွယ်နေသော အကျိုးစီးပွားများနှင့် အပြိုင်အဆိုင် အစီအစဉ်များကြောင့် ရေရှည်တည်မြဲသော ဖြေရှင်းချက်တစ်ရပ် ရှာဖွေရန် ကြိုးပမ်းမှုများသည်လည်း ရှုပ်ထွေးမြဲ ရှုပ်နေဦးမည် ဖြစ်သည်။

အနုတင်၏ ခေါင်းဆောင်မှုသက်တမ်းသည် သူ့အပေါ် ယုံကြည်ကိုးစားရမှု၌ မူတည်နေသည်။ အဆိုပါ အရည်အချင်းမှာလည်း လက်ရှိပြဿနာများကို မျက်နှာမလိုက်ဘဲ မကြောက်မရွံ့ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်လေသည်။

ရည်ညွှန်း – Anutin govt faces three diplomatic tests by Kavi Chongkittavorn, BANGKOK POST

ရာဗီချန်ဒရာကူးမား