ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်းတွင် ဖမ်းထားသော အုပ်ချုပ်ရေးမှူး ထွက်ပြေး၍ ပစ်ခတ်ခဲ့ရဟုဆို

May 16, 2026

ကော့သောင်းခရိုင်၊ အေးမြသာယာရွာ၏ အုပ်ချုပ်ရေးမှူးကို တော်လှန်‌ရေးတပ်များက လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မေလ ၁၃ ရက်နေ့တွင် ခမောက်ကြီးမြို့နယ်၊ ၄၅ မိုင်မှ ပါကလပ်ရွာ (ဒေသအခေါ်) ဘက်သို့ သွားသည့် လမ်းပိုင်းတစ်နေရာတွင် ကားပေါ်လိုက်ပါလာသော အေးမြသာယာရွာ၏ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခဲ့ကြောင်း၊ သတင်းရသဖြင့် စောင့်ဆိုင်းကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးသည် အသက် ၄၄ နှစ်အရွယ် ဦးစိုးထိုက်ဖြစ်ပြီး ၎င်း၏ကားပေါ်တွင် ပလပ်စတစ်ပုံးဖြင့် ထည့်ယူလာသည့် တော်လှန်‌ရေးရဲဘော်များ ဝတ်ဆင်လေ့ရှိသော ယူနီဖောင်း ၁၀ စုံ၊ ဖိနပ် ၃ ရံ၊ တံဆိပ်မျိုးစုံ (KNU တံဆိပ်အပါအဝင်) နှင့် ကျည်ကာတစ်စုံတို့ကို တွေ့ရှိခဲ့ရကြောင်း၊ စစ်ဆေးမေးမြန်းရာတွင် စစ်အာဏာရှင်တပ် အမှတ် (၂၀) စစ်ဆင်‌ရေးနှင့် ကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ဆိုသည်။

ဦးစိုးထိုက်သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်ကျေးရွာ၊ ပါကလပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၉ ဦး သေဆုံးခဲ့သောတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ကို ၎င်းကိုယ်တိုင် ဦးဆောင်လမ်းပြကာ တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်အာဏာရှင်တပ်က လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက တော်လှန်‌ရေးတပ်အသွင်ယူပြီး ခမောက်ကြီးမြို့နယ်အတွင်း ပြည်သူနှင့် တော်လှန်ရေးတပ်များအကြား သွေးကွဲအောင် လုပ်ဆောင်ခဲ့ခြင်းများရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းတာဝန်ခံက ဆိုသည်။

“စစ်ကောင်စီက တော်လှန်ရေးပုံရိပ်ကျအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့အတွက် သေသေချာချာ စိစစ်သုံးသပ်ကြစေချင်တယ်။ ခက်ထန်ရိုင်းစိုင်းတဲ့ ပုံစံမျိုးနဲ့ ပြည်သူတွေကို ဘယ်တော်လှန်ရေးတပ်ဖွဲ့ကမှ လုပ်မှာမဟုတ်ဘူး” ဟု အထက်ပါ တာဝန်ခံက ပြောသည်။

ဦးစိုးထိုက်သည် စစ်ဆေးနေစဉ်အတွင်း အပေါ့၊ အလေးသွားလိုသည်ဆိုကာ ခွင့်တောင်းသဖြင့် လက်တစ်ဖက်ကို ကြိုးချည်၍ အစောင့်ရဲဘော်တစ်ဦးနှင့်အတူ လွှတ်လိုက်ရာ ရုန်းကန်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အတွင်း ဖမ်းဆီးရမိသည့် ပစ္စည်းများကို သက်ဆိုင်ရာသို့ တင်ပြပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်အာဏာရှင်တပ်သားများနှင့် အပေါင်းပါများကို လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်သဖြင့် ၎င်းတို့၏အနီးတွင် သွားလာနေထိုင်ခြင်းမပြုကြရန်နှင့် စစ်ရေးသတိ၊ စစ်‌ရေးအသိ အမြဲရှိရန် အသိပေးထုတ်ပြန်ထားသည်။