တစ်ကျော့ပြန် ထိုင်းတောင်ပိုင်း မြေသားတံတား စီမံကိန်း (အပိုင်း ၁)
ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင်မယ်လို့ အမွှမ်းတင် ကြွေးကြော်ထားတဲ့ လန်းဘရစ်စီမံကိန်းဟာ ဧရာမ အိပ်မက်ကြီးတစ်ခု ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ထိုင်းအစိုးရ သုံးဆက်တိုင်တိုင် ဒီစီမံကိန်းကို ရပ်ဆိုင်းထားခဲ့ကြပါတယ်။
အခုတော့ အီရန်အရေးကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်ရေးပြတ်တောက်မှုတွေ ဖြစ်လာပြီးတဲ့နောက် ဒီစီမံကိန်းဟာ စီးပွားရေးအခွင့်အလမ်းကြီး ဖြစ်လာမယ်လို့ ယုံကြည်နေတဲ့ ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူရဲ့ ဦးဆောင်မှုအောက်မှာ တစ်ကျော့ပြန် အသက်ဝင်လာပါပြီ။
မြန်မာလို မြေသားမြေတံတားလို့ အဓိပ္ပာယ်ရနိုင်တဲ့ လန်းဘရစ် (Land Bridge) စီမံကိန်းဟာ ထိုင်း အနောက်ဘက် အန်ဒမန်ပင်လယ်ကို နိုင်ငံထဲက ဖြတ်ပြီး အရှေ့ဘက်မှာရှိတဲ့ ထိုင်းပင်လယ်ကွေ့နဲ့ ဆက်သွယ်ပေးမှာပါ။ ဒီစီမံကိန်းအလားအလာကို ဒုတိယဝန်ကြီးချုပ် နီတီထန်ပရာပါ ဦးဆောင်တဲ့ ကော်မတီက ရက်ပေါင်း ၉၀ အတွင်း လေ့လာဆန်းစစ်သွားမယ်လို့ ဝန်ကြီးချုပ် အနုတင်က ပြောထားပါတယ်။
ကီလိုမီတာ ၉၀ ရှည်လျားပြီး ဘတ်ငွေ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ) ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ဒီစီမံကိန်းဟာ မလက္ကာရေလက်ကြား ကုန်သွယ်ရေးလမ်းကြောင်းကို အစားထိုးစရာ နည်းလမ်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားတာပါ။ ဒီစီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေနဲ့အတူ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။
အခုလို လေ့လာဆန်းစစ်မယ့် လုပ်ရပ်က အနုတင် 2.0 အစိုးရအဖွဲ့ရဲ့ ပွင့်လင်းမြင်သာမှုကို ထင်ဟင်နေတယ်လို့ ယူဆနိုင်တဲ့ တစ်ချိန်တည်းမှာပဲ လေ့လာဆန်းစစ်မယ် ဆိုတဲ့အဖွဲ့ဟာ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအောက်က အကြံပေးအဖွဲ့တစ်ခုဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးမူဝါဒနဲ့ စီမံခန့်ခွဲရေး ဆိုင်ရာရုံး (OTP) ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ ဘတ်ငွေ ၁ ထရီလီယံအထိ ကုန်ကျမယ့် နိုင်ငံတကာအဆင့် မဟာစီမံကိန်းကြီးတစ်ရပ် အတွက် OTP ရဲ့ လေ့လာချက်ကို အခြေခံမယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အချက်အလက် ပြည့်စုံပါ့မလား၊ ထိရောက်တဲ့ ဆွေးနွေးတိုင်ပင်မှု ဖြစ်ပါ့မလား ဆိုတာ ထည့်တွက်စရာ ရှိလာပါတယ်။
OTP ဟာ ၂၀၂၁ နဲ့ ၂၀၂၃ နှစ်တွေမှာ ဒီစီမံကိန်းအလားအလာကို လေ့လာဖို့ ဒေသခံ အတိုင်ပင်ခံ ကုမ္ပဏီတွေကို ငှားရမ်းခဲ့ပါတယ်။ အနုတင်အစိုးရက ဒီစီမံကိန်းအတွက် ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်ငန်းစဉ်မှာ လေ့လာမှုအသစ်တွေ မလုပ်ဘဲ OTP အပေါ်မှာပဲ ထပ်ပြီး မှီခိုနေမယ်ဆိုရင် ရှေ့ပိုင်းက လေ့လာချက်တွေကို ဆေးအသစ် ပြန်သုတ်ပြီး ပွဲထုတ်လာတဲ့ ထူမခြားနား အစီရင်ခံစာတစ်စောင်ပဲ မြင်ရဦးမယ့်သဘော ရှိပါတယ်။
လတ်တလောမှာတော့ စီမံကိန်းကို အတည်မပြုရသေးခင်မှာပဲ ရနောင်းမှာ ပြီးခဲ့တဲ့ သုံးလဝန်းကျင်အတွင်း စီမံကိန်းနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေက မြေဧက ၂၀၀ ခန့်အထိ ဝယ်ယူခဲ့ကြတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါပြီ။
ထိုင်းလွှတ်တော်အမတ်တွေ ကြားမှာလည်း ဒီစီမံကိန်းကို ထောက်ခံသူ၊ ကန့်ကွက်သူ စသဖြင့် အုပ်စုအမျိုးမျိုး ကွဲနေကြပါတယ်။ မေလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ စီမံကိန်းအရေး လွှတ်တော်ဆွေးနွေးပွဲမှာ ဆိုရင် ဒီစီမံကိန်းကို စီးပွားရေး အခွင့်အလမ်းသစ် အဖြစ် ရှုမြင်ကြသူတွေ ရှိသလို ဥပဒေအရေး၊ ဘဏ္ဍာရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆိုင်ရာ အကြီးအကျယ် အရဲစွန့်မှုတစ်ရပ်အဖြစ် ဝေဖန်ကြသူတွေလည်း ရှိခဲ့ပါတယ်။
စီမံကိန်း လည်ပတ်မယ့်ပုံစံ
ဒီမြေသား တံတားစီမံကိန်းအရ ထိုင်းအနောက်ပိုင်း အန်ဒမန်ကမ်းရိုးတန်းဘက်က ရနောင်းနဲ့ ထိုင်းအရှေ့ဘက် ပင်လယ်ကွေ့ဘက်က ချုံဖွန်တို့မှာ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်ပြီး ဒီဆိပ်ကမ်း နှစ်ခုကို ကားလမ်း၊ နှစ်လမ်းမောင်း ရထားလမ်းစနစ်တွေနဲ့ ဆက်သွယ်မှာပါ။
ရနောင်းဆိပ်ကမ်းမှာ ပေ ၂၀ ကွန်တိန်နာ (TEU) ၁၉.၄ သန်းလောက် ဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်မှန်းထားပြီး ချုံဖွန်ဆိပ်ကမ်းကတော့ ၁၃.၈ သန်းလောက်ကို လက်ခံနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
စီမံကိန်း ပြီးသွားရင် အလုပ်အကိုင်ပေါင်း သုံးသိန်းလောက် ဖန်တီးပေးနိုင်မှာဖြစ်သလို ပို့ကုန်အခွင့်အလမ်းတွေ ပိုများလာတာကြောင့် နိုင်ငံရဲ့ ဂျီဒီပီကိုလည်း ၁.၅ ရာခိုင်နှုန်းလောက်အထိ မြှင့်တင်ပေးနိုင်မယ်လို့ တွက်ထားပါတယ်။ စီမံကိန်း ပထမအဆင့်ကို ၂၀၃၀ မှာ အပြီးသတ်ဖို့ စီစဉ်ထားပြီး တစ်ခုလုံးကိုတော့ ၂၀၃၉ မှာ အပြီးသတ်ဖို့ ရည်မှန်းထားပါတယ်။
ဒီစီမံကိန်းဟာ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ကုန်စည်ကူးပြောင်းတင်ဆောင်ရာ ဗဟိုချက် ဖြစ်လာစေဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သယ်ယူပို့ဆောင်ရေး တိုးမြှင့်ဖို့ ရည်ရွယ်ပါတယ်။ အခုလက်ရှိမှာ အန်ဒမန်ပင်လယ်ထဲက ရေနံစင်တစ်ခုအတွက်ပဲ အဓိက သုံးနေရတဲ့ ရနောင်းဆိပ်ကမ်းလိုမျိုး အသုံးချမှုနည်းနေတဲ့ ဆိပ်ကမ်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့ အခွင့်အလမ်းရမှာပါ။ ရနောင်းဆိပ်ကမ်းကို အဆင့်မြှင့်နိုင်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းကနေ တိုက်ရိုက် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းကို ထူထောင်နိုင်မှာပါ။ စစ်တကောင်းဆိပ်ကမ်းနဲ့ ဆက်ဆံရေး ခိုင်မာလာရင် နီပေါ၊ ဘူတန်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသတွေဆီကို ကုန်စည်တွေ တိုက်ရိုက် ပို့ဆောင်ဖို့အတွက်လည်း လမ်းပွင့်သွားပါလိမ့်မယ်။
၂၀၂၂ ခုနှစ် ဘင်းစတက် (BIMSTEC) ဆက်သွယ်ရေး မဟာဗျူဟာက ရနောင်းဆိပ်ကမ်းကို အိန္ဒိယရဲ့ ချန်နိုင်းဆိပ်ကမ်း၊ သီရိလင်္ကာရဲ့ ကိုလံဘိုဆိပ်ကမ်းတို့နဲ့ ပင်လယ်လမ်းကြောင်းတွေ တိုက်ရိုက်ချိတ်ဆက်ပြီး ဘင်္ဂလားပင်လယ်အော်ဒေသရဲ့ ကုန်သွယ်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ထိုင်းရဲ့ လန်းဘရစ်စီမံကိန်းဟာ နိုင်ငံကို အရေးပါတဲ့ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်တစ်ခု ဖြစ်လာစေမှာပါ။ မလက္ကာရေလက်ကြားအတွက် အစားထိုးလမ်းကြောင်းတစ်ခု ပေးနိုင်မှာဖြစ်သလို ဒေသတွင်း ချိတ်ဆက်မှုကိုလည်း အားကောင်းစေပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒီစီမံကိန်း အောင်မြင်ဖို့ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားက ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကို လိုအပ်သလို ထိန်းညှိနိုင်စွမ်း ရှိရမှာပါ။ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိနှင့်ပြီးဖြစ်တဲ့ ခေတ်မီဆိပ်ကမ်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့၊ ဘဏ္ဍာရေးအရ တွက်ခြေကိုက်ဖို့၊ စီးပွားရေးတိုးတက်မှုနဲ့ အမှီအခိုကင်းမှုတို့ မျှမျှတတဖြစ်အောင်အတွက်လည်း ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်တွေကို မျိုးစုံရှာဖွေဖို့ လိုအပ်မှာပါ။
ဘဏ္ဍာရေး အလားအလာ
စီမံကိန်းရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဘဏ္ဍာရေးအရ တွက်ခြေကိုက်ဖို့ပါပဲ။ လုံလောက်တဲ့ ရန်ပုံငွေရှိမှ၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုရှိမှသာ လုပ်ငန်းလည်ပတ်ရေး၊ သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ပြဿနာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေး အထောက်အပံ့ ခိုင်ခိုင်မာမာရှိရင် ထိုင်းနိုင်ငံအနေနဲ့ တရုတ်လိုမျိုး ရင်းနှီးမြှုပ်နှံသူ တစ်ဦးတည်းအပေါ်မှာပဲ အလွန်အမင်း မှီခိုနေရတာမျိုးကို ရှောင်ရှားနိုင်မှာပါ။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဘက်က ကြည့်ရင်တော့ ဒီစီမံကိန်းဟာ ကုန်စည်ကူးသန်းသွားလာမှု အလုံအလောက် ရရှိအောင် ဆွဲဆောင်နိုင်ပါ့မလား၊ အကျိုးအမြတ် ပြန်ရပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပြန်ပါတယ်။
ဒီစီမံကိန်းဟာ အရွယ်အစား ကြီးပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ပြည်သူ့ဘဏ္ဍာရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။ အစိုးရက ပုဂ္ဂလိကနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ရှာဖွေနေပေမဲ့ အမှန်တကယ် လက်မှတ်ထိုးသူရဖို့ ခက်ခဲနေဆဲပါ။ ၂၀၂၄ မေလမှာ လုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ထိုင်းနဲ့ နိုင်ငံခြားကုမ္ပဏီ ၁၀၀ ကျော်က စိတ်ဝင်စားကြောင်းပြခဲ့ပေမဲ့ ကမ္ဘာ့အဆင့်မီ သင်္ဘောလိုင်းကြီးတွေကတော့ အခုထိ ခိုင်မာတဲ့ ကတိကဝတ် မပေးကြသေးပါဘူး။ စင်ကာပူရဲ့ တူဝေါ့စ် (Tuas) ဆိပ်ကမ်းနဲ့ မလေးရှားရဲ့ ပေါ့ကလန်း (Port Klang) တို့လို အားကောင်းတဲ့ ပြိုင်ဘက်တွေ ရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီစီမံကိန်း တွက်ခြေကိုက်ပါ့မလားလို့ ချိန်ဆနေကြဆဲ ဖြစ်ပါတယ်။
အခုအဆိုပြုထားတဲ့ ဒီစီမံကိန်းဟာ သင်္ဘောခရီးစဉ်တွေကို ပျမ်းမျှ ၄ ရက်လောက် လျှော့ချပေးနိုင်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကို ၁၅ ရာခိုင်နှုန်းလောက် သက်သာစေမယ်လို့ ကတိပေးထားပေမဲ့ ခလုတ်ကန်သင်းတွေလည်း အများအပြား ရှိနေဆဲပါ။
သင်္ဘောတွေဟာ ကုန်စည် ကူးပြောင်းတင်ဆောင်ဖို့အတွက် ရနောင်း ဒါမှမဟုတ် ချုံဖွန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ရမှာပါ။ ဒီလုပ်ငန်းစဉ်မှာ သင်္ဘောမောင်းနှင်သူတွေ၊ ဆွဲသင်္ဘောအဖွဲ့တွေ၊ အကောက်ခွန်အရာရှိတွေ၊ ကားမောင်းသမားတွေ၊ ရထားမောင်းသမားတွေနဲ့ ကရိန်းမောင်းသမားတွေကြားမှာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။
လုပ်ငန်းလည်ပတ်မှု ထိရောက်ဖို့နဲ့ ကြန့်ကြာမှု လျှော့ချဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ခေတ်မီ အချိန်ဇယားဆွဲတဲ့ နည်းပညာတွေ၊ ဆိပ်ကမ်းဝန်ထမ်းအင်အား ဖြည့်တင်းတာတွေနဲ့ ကုန်စည်ကိုင်တွယ်မှုမှာ အလိုအလျောက် စနစ်တွေကို အသုံးပြုဖို့ ရင်းနှီးမြှုပ်နှံရပါမယ်။ ဒီလို ကုန်တင်ကုန်ချ လုပ်ငန်းစဉ်တွေဟာ တစ်ရက်ထက်မက ကြာနိုင်ပါတယ်။ ဒီတော့ ဆိပ်ကမ်းမှာ သင်္ဘောတွေ ပိတ်ဆို့နေရင် ပြောထားသလို အချိန်မသက်သာဘဲ နှောင့်နှေးကြန့်ကြာမှုတွေ ရှိဦးမှာပါပဲ။
ကုန်စည်ပျောက်ဆုံးနိုင်ခြေနဲ့ အာမခံကြေး မြင့်မားတာမျိုးတွေလိုမျိုး နောက်ထပ်ကုန်ကျစရိတ်တွေနဲ့ ဘေးအန္တရာယ်တွေကြောင့်လည်း အထိုင်ကျပြီးသား မလက္ကာရေလက်ကြား လမ်းကြောင်းနဲ့ယှဉ်ရင် ထိုင်းရဲ့ လန်းဘရစ် လမ်းကြောင်းဟာ ဆွဲဆောင်နိုင်စွမ်း နည်းနိုင်ပါတယ်။
ရာဗီချန်ဒရာကူးမား
(အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်)







