ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သင်္ကြန်အကျနေ့ မြိတ်မြို့တွင် ရေကစားနေသည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

April 16, 2026

ပုံစာ - မြိတ်မြို့ လမ်းလျှောက်သင်္ကြန် သင်္ကြန်အကျနေ့ မြင်ကွင်း။ ဓာတ်ပုံ - MOI

မြိတ်မြို့တွင် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်က ရေကစားမဏ္ဍပ်တစ်ခုတွင် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ကန်ဖျားရပ်ကွက်ရှိ ရေကစားမဏ္ဍပ်တစ်ခုတွင် ရေကစားနေစဉ် ရေပက်သည့် ရေပိုက်ဂန်း (လျှပ်စစ်သုံး ကားရေဆေးသည့် ရေပိုက်) မှတစ်ဆင့် ဓာတ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသူအချို့က ပြောသည်။

“ကားရေဂန်းကို လုရင်းနဲ့ ဝါယာကြိုးထိမိပြီး ဓာတ်လိုက်သွားတာ၊ နှစ်ယောက်ထိတယ်။ တစ်ယောက်က ဘာမှမဖြစ်ဘူး။ တစ်ယောက် သေသွားတယ်။ မဏ္ဍပ်အကြီးမှာဖြစ်တာ မဟုတ်ဘူး။ ဆိုင်ကယ်ရေဆေးခုံက ရေကစားတဲ့နေရာမှာ ဖြစ်သွား တယ်” ဟု ဖြစ်စဥ်အားသိရှိသည့် မြိတ်မြို့ခံတစ်ဦးကပြောဆိုသည်။

ဓာတ်လိုက်ပြီးနောက် ယင်းလူငယ်အမျိုးသားကို ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့သော်လည်း အသက်ကို မကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

သေဆုံးသွားသည့် လူငယ်၏ ရုပ်အလောင်းကို ယနေ့ သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို့ ဘာသာပေါင်းစုံ သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယခုနှစ် သင်္ကြန်တွင် မြိတ်မြို့၌ သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ် ငါးခုရှိပြီး ရပ်ကွက်တိုင်းနီးပါး ရေကစားမဏ္ဍပ်များရှိကြောင်း မြို့ခံများက ပြောသည်။