မြန်မာစစ်အာဏာရှင်ထံ သုံးစွဲသူများ၏ အချက်အလက်များကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြင့် ပြည်သူများအပေါ် ရာဇဝတ်မှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့သဖြင့် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ တယ်လီနော (Telenor) ရုံးချုပ်ကို ရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော (မြန်မာ) သည် အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်အာဏာရှင်ထံ တယ်လီဖုန်း သုံးစွဲသူများ၏ အချက်အလက်များကို အဆက်မပြတ် လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။
စစ်အာဏာရှင်က အရပ်သားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသည့်အတွက် တယ်လီနောကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
တယ်လီနောသည် သုံးစွဲသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနှင့် တည်နေရာ အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့သဖြင့် ယခုနှစ် အစောပိုင်းကလည်း ဆွီဒင်ရှိ အဖွဲ့အစည်းတစ်ခုက တရားစွဲဆိုခဲ့သေးသည်။ တယ်လီနောက အဆိုပါ အချက်အလက်များကို မျှဝေခဲ့ခြင်းကြောင့် စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် သေဒဏ်စီရင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။
ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ အကယ်၍ စစ်အုပ်စု၏ အမိန့်ကို မလိုက်နာခဲ့ပါက တယ်လီနော ဝန်ထမ်းများအနေဖြင့် ဖမ်းဆီးခံရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် သေဒဏ်ချမှတ်ခံရနိုင်သည့် အန္တရာယ်များ ရှိနေသဖြင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ဦးစားပေးကာ မတတ်သာဘဲ အချက်အလက်များကို လွှဲပြောင်းပေးခဲ့ရခြင်းဖြစ်ကြောင်း တယ်လီနောဘက်က ရိုက်တာသတင်းဌာနသို့ ဖြေကြားထားသည်။ လက်ရှိတွင် ကုမ္ပဏီဝန်ထမ်း တစ်ဦးတစ်ယောက်မျှ တရားစွဲဆို အရေးယူခံရခြင်း မရှိသေးကြောင်းလည်း ဆိုသည်။
ထို့အပြင် တယ်လီနောကုမ္ပဏီသည် နိုင်ငံတကာက ပိတ်ဆို့အရေးယူထားသော စောင့်ကြည့်ထောက်လှမ်းရေး ကိရိယာများကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့မှု၊ သုံးစွဲသူ အချက်အလက်များကို လွှဲပြောင်းပေးစဉ် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနထံ ခွင့်ပြုချက် မတောင်းခံခဲ့မှုတို့အတွက်လည်း ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေသည်။
တယ်လီနော (မြန်မာ) အနေဖြင့် နော်ဝေနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခဲ့မှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လာသည့်အပေါ် Justice For Myanmar (JFM) ကလည်း ကြိုဆိုထောက်ခံထားသည်။
နော်ဝေနိုင်ငံအခြေစိုက် Telenor Group သည် ၂၀၂၂ ခုနှစ်အတွင်း တယ်လီနော (မြန်မာ) လုပ်ငန်းကို စစ်တပ်နှင့် နီးစပ်သည့် ကုမ္ပဏီထံ ရောင်းချခဲ့ပြီးနောက် လက်ရှိတွင် Atom အမည်ဖြင့် ပြောင်းလဲလည်ပတ်လျက် ရှိသည်။







