ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

September 15, 2026

အပိုင်း (၁၈)

ဦးချိန်တင်သည် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ ကျဆင်းမည်ကို စိုးရိမ်သည့်အတွက် အစည်းအဝေးပွဲ၌ ဆရာ ဆရာမများက ဦးချိန်တင် စာသင်မည်ဆိုလျှင် နုတ်ထွက်ကြမည်ဟု အကျပ်သောကြောင်းမဟုတ်ကြောင်း မိမိသည် အသက်ကြီးသောကြောင့်နှင့် သွေးတိုးရောဂါကြောင့် စာ မသင်တော့လိုကြောင်း တစ်ရွာလုံးကို သိစေ၏။

အစည်းအဝေးပွဲ လာရခြင်းကလည်း စာသင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းသည့်အတွက် အစည်းအဝေးထိုင်ကာ မသင်တော့လိုသည့် အကြောင်းများကို ဆရာ ဆရာမများရှေ့၌ ရှင်းပြခြင်းသာ ဖြစ်ကြောင်း။ ဤသည်မှာ ဦးချိန်တင်၏ စေတနာဖြစ်သည်။

ဦးချိန်တင်ပြောသည့်အတိုင်းလည်း ဆရာ ဆရာမများက ရွာကလေးအား သိစေ၏။ သို့သော်လည်း သာယာကုန်းရွာကလေးက ယုတ္တိမရှိသော အကြောင်းအရာများ ရှိနေသဖြင့် မယုံကြည်ကြပေ။ တစ်ယောက်တပေါက် ထင်ကြေးများ ပြောလာကြ၏။ မေးငေါ့လာကြ၏။

“အစည်းအဝေးထိုင်ကြတုန်းက ဆူဆူညံညံအသံတွေ ကြားရပါတယ်၊ တချို့ဆရာမတွေဆို အော်ကြီးဟစ်ကျယ်နဲ့ ဦးချိန်တင်ကို လက်ညှိုးငေါက်ငေါက် ထိုးနေတာကို မြင်တယ်”

ဟု ပြောကြသည်။

“ဘယ်လိုကြီးပါလိမ့်နော်၊ CDM ကျောင်းအုပ်ကြီးတစ်ယောက်လုံး ရှိနေတာတောင် စာသင်ခွင့်မပေးဘဲ ခေါက်ထားတာကြီးက မြင်ရ ကြားရတာ မသင့်တော်လိုက်တာ၊ အခုဆို ဦးချိန်တင်ဘာလုပ်နေလဲ သိလား၊ မြေပဲကောက်သင်းလိုက်ကောက်နေတယ်၊ အင်းပေါ့ သူ့မှာ အလုပ်မှ မရှိတာ၊ ဝင်ငွေမှ မရှိတာ၊ သူ့မိန်းမက စက်ချုပ်တတ်လို့ တော်ပါသေးရဲ့”

“ဟိုဆရာတွေ ဆရာမတွေက နေရာတွေ မက်မောနေလို့များ နေရာပြုတ်သွားမှာ ကြောက်လို့များ အခွင့်အရေးမပေးတာလား၊ ဟိုတစ်ယောက်က တော်လှန်ရေးလည်း လုပ်နေတာတောင် ကျောင်းအုပ်ကြီးကို ဘာလို့နေရာမပေးချင်ရပါလိမ့်၊ စာလည်း သင်တာ မဟုတ်ဘူး၊ ကျောင်းအုပ်လုပ်ပြီး စာမသင်ဘူးဆိုတာ ဘယ်ကျောင်းမှာများ ရှိလို့လဲဟင်၊ ဘယ်မှာမှ မရှိဘဲနဲ့ သူ့ကျမှ လုပ်ပိုင်ခွင့် ရနေတာက သူ့မှာ လက်နက်ရှိလို့ပဲ၊ အခုနေ သူတို့စိတ်ထဲ တော်လှန်ရေးကြီးတောင် အောင်ချင်မယ်မထင်ဘူး၊ နေရာကို သူများလုသွားမှာကြောက်လို့ တက္ကသိုလ်တွေ ဖွင့်နေတာတောင် သူ မတက်ဘူး၊ သူက ဘွဲ့ရဖို့ တနှစ်ပဲ ကျောင်းတက်ဖို့လိုတော့တာလေ၊ နွေဦးတက္ကသိုလ်ကလည်း ဒီနားလေးမှာ ဖွင့်ထားတာ”

“ဘာတတ်နိုင်မှာလဲလေ၊ ဟိုက လက်နက်ရှိတာကိုး၊ လက်နက်အားကိုးနဲ့ နေရာတွေ ဝင်စီးနိုင်မှာပေါ့၊ လက်နက်ရှိသူကို လက်နက်မဲ့သူက ဘာပြန်ပြောနိုင်မှာလဲ၊ မမျှတဘူးပြောလည်း ပြောတဲ့သူသာ အမှားဖြစ်မှာ၊ အခုချိန်မှာ တရားခံမပေါ်တဲ့ လူသတ်မှုတွေလည်း ခဏခဏဖြစ်နေတယ်လေ၊ သေနတ်မှန်တယ်ဆိုတဲ့ စကားပဲ ရှိတယ်၊ သေနတ်မှားတယ်ဆိုတဲ့ စကားမရှိဘူး၊ သဘောက သေနတ်ရှိသူရဲ့ လုပ်ရပ်တိုင်းက မှန်ကန်တယ်ဆိုတဲ့သဘောပေါ့”

“စကားကိုလည်း ကြည့်ပြောကြဦး ဟိုက လက်နက်ရှိတော့ ကိုယ်ပြောချင်တိုင်း ပြောခွင့်ရှိတာမဟုတ်ဘူး”

“တကယ်ဆို ဒီ ကြားကာလကျောင်းကို ဖွင့်ဖို့ စီမံတာထဲမှာ ဦးချိန်တင်လည်း ပါတယ်လေ၊ ဦးချိန်တင်က အသက်လည်းကြီး၊ CDM လည်းဟုတ်၊ ဝါလည်း ရင့်တယ်လေ၊ အဲဒီတော့ ကျောင်းကိစ္စတွေကို သူက ပိုဦးဆောင်နိုင်မှာ၊ ကျောင်းကိုလည်း ပိုပြီးတော့ တိုးတက်စေမှာ၊ ပြီးတော့လည်း CDM တွေကို ပိုပြီးဦးစားပေးရမှာ၊ ဦးချိန်တင်က နှုတ်ကြမ်းအာကြမ်းလို့ ဆရာဆရာမတွေက အတူမသင်ချင်တာလည်း ဖြစ်နိုင်တယ်လေ၊ ဒါပေမယ့်လည်း လူဆိုတာ ရာနှုန်းပြည့် ပြည့်စုံနေသူမှ မဟုတ်တာ၊ မကောင်းကွက်လေးတွေတော့ ရှိကြတာချည်းပဲ၊ အဲဒီတော့ နားလည်ပေးသင့်တာပေါ့ “

စသည့်စကားများ ဟိုတစ်နေရာတစ်စု သည်နေရာတစ်စု ပြောနေကြတော့သည်။ တချို့ကကျတော့ မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် ရင်းနှီးကြသဖြင့် တိုးတိုးတိတ်တိတ်ပြောကြသည်။ ပညာရေးဘုတ်အဖွဲ့ကလည်း ပြန်ပြောပြသည်။

“ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး၊ အခုလိုကြားကာလ ပညာရေးကျောင်းဟာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ ကျောင်းကလေးပါ၊ ရွာကလေးကိုယ်တိုင် ဖွင့်ထားတဲ့ကျောင်းမို့လို့ ကျောင်းကိစ္စကို ရွာကပဲ ဆုံးဖြတ်ရတာ၊ ရွာမကြည်ဖြူရင် ကျွန်တော်တို့ ဘာမှဝင်လုပ်ပေးလို့မရဘူး၊ ဆရာ ဆရာမတွေကို ကျွန်တော်တို့ ခန့်ပေးထားတာ မဟုတ်ဘူးလေ၊ ရွာကပဲ ခန့်ထားတာမို့ ဟိုဆရာ သည်ဆရာကို မခန့်ရကောင်းလားဆိုပြီး ကျွန်တော်တို့မှာ စောဒကတက်ပိုင်ခွင့် မရှိဘူး၊ လစာကိုလည်း ကျွန်တော်တို့ပေးထားတာ မဟုတ်ဘူး၊ ကျွန်တော်တို့ တတ်နိုင်တာက အထက်က စာစစ်ပေးဖို့ စေလွှတ်ရင် သွားရောက်စစ်ဆေးပေးရရုံပါပဲ” ..။

သာယာကုန်းရွာကလေးတွင် ထိုသို့သော အဖြစ်အပျက်များ ဖြစ်နေသောကြောင့် တစ်ရွာလုံး၏ အပြုအမူများက ထူးဆန်းနေသည်ဟု ထွန်းတောက်ထိန် ထင်မိသည်။ ထွန်းတောက်ထိန်ထင်သလို စန္ဒာဝင်းဝင်းတို့ သူငယ်ချင်းတစ်သိုက်လည်း ထင်ကြသည်။

ရွာသူရွာသားတို့၏ အပြုအမူများမှာ မျက်နှာထားက ပြုံးနေသော်လည်း နောက်ကွယ်မှာ အတင်းပြောနေကြသော မျက်ဝန်းမျိုး၊ ကျောပေးထားချိန်၌ နောက်မှာ မျက်စောင်းထိုး မေးငေါ့နေကြသလိုမျိုး၊ လမ်းတွေလျှင် မမြင်ချင်ယောင်ဆောင်ပြီး ရှောင်လွှဲသွားကြသည်ဟု စိတ်ထဲက ထင်နေကြသည်။ ဘာအကြောင်းကြောင့်ဆိုသည်ကို ထွန်းတောက်ထိန် သိနေသည်။ ရွာသူရွာသားများ၏ မကြည်ဖြူမှုကို စတင်ခံစားလာရပြီ။ သည့်ကြောင့်လည်း အဝင်းက ထွန်းတောက်ထိန်ထံ ဖုန်းမက်ဆေ့ပို့ပြီး ရင်ဖွင့်လာသည်။

“ကိုရေ လူတွေရဲ့ မျက်နှာတွေက တစ်မျိုးကြီးဖြစ်နေပြီ၊ ဦးချိန်တင်ကို မခန့်အပ်လို့ မကြည်ဖြူကြတာလို့အဝင်းထင်တာပဲ၊ သူ့ဘာသာ ထွက်သွားတာကို ရွာကလူတွေက မသိကြဘူးလားနော်၊ လေးလေးဖြူကများ လျှောက်ပြောသလားပဲ”

“အဝင်းရယ် သေချာမတိကျဘဲ မစွပ်စွဲပါနဲ့၊ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်တဲ့၊ အချိန်တန်ရင် ပြီးသွားမှာပါ”

“ဟုတ်ကဲ့ပါကို၊ အဝင်းတို့လည်း နွေနွေ၊ ဆောင်းဆောင်း၊ မိုးမိုး သုံးရာသီလုံး မနေမနား သင်ပြပေးထားရတာ၊ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ ရွာကလူတွေက မစာနာကြဘူး၊ လစာလေးကလည်း တစ်ပဲခြောက်ပြားလစာလေးပဲ ရတာသိသားနဲ့ ဘယ်လောက်အနစ်နာခံထားရတယ်ဆိုတာ တွေးပေးသင့်တာပေါ့၊ အခုကျတော့ အဝင်းတို့ကို ဆရာမတွေလို့ကိုသဘောမထားဘဲ လစာခစားတွေလို့ကို မြင်ကြတော့တာ၊ လေးစားမှုလည်း မခံရဘူးကိုရယ်၊ အဝင်းတော့ သိပ်စိတ်ညစ်နေပြီ”

သည်အခြေအနေကို ကျော်လွှားဖို့ ထွန်းတောက်ထိန် ဘယ်သို့ လုပ်ဆောင်ရမည်ဆိုသည်ကို အသည်းအသန် စဥ်းစားသည်။ ထိရောက်သော အလုပ်တစ်ခုကို လုပ်ပြလျှင် ရွာသူရွာသားများ၏ ယုံကြည်မှုကို ပြန်လည် ရလိမ့်မည်။ အပြုံးများကိုလည်း ပြန်လည်မြင်ရလိမ့်မည်ဟု မြင်သည်။

စဥ်းစားချိန်၌ အဖြေတစ်ခုကို ရလာခဲ့သည်။ ထိုအဖြေကြောင့် ထွန်းတောက်ထိန် အားတက်မိသွားသည်။ ထိုအဖြေအတွက် ချိုသာနှင်းထံ ဆက်သွယ်မေးမြန်းရသည်။ ချိုသာနှင်းတို့ရွာနားမှာ ရှိနေသည်ကိုး။ ချိုသာနှင်းကလည်း ဆက်သွယ်စုံစမ်းပေးသည်။ အဆင်ပြေပြီဟု သိလိုက်ရသည်။

ထိုကိစ္စအတွက် အဝင်းတို့သူငယ်ချင်းတစ်သိုက်နှင့် တိုင်ပင်ရမည်ဟု တွေးလိုက်သည်။ သည့်ကြောင့် အဝင်းကို အလျင်ဆုံး ပြောပြသည်။ အဝင်းကမှတစ်ဆင့် ဒေါ်နီလာ၊ ဒေါ်ကြည်သာဆွေတို့ပါ ရောက်လာကြသည်။

“ဘာများပြောမလို့လဲထွန်းတောက်ရယ်၊ အခုတလော ရွာကလူတွေက တို့တတွေ လူစုစုနဲ့ မြင်ရင် ဘာတွေ ကြိတ်ကြံနေပြီလဲနဲ့ အတင်းပဲ တုပ်နေကြတာ၊ ဘာပြောမလို့လဲ၊ ဘာတွေတိုင်ပင်စရာရှိလို့လဲ”

ဒေါ်နီလာက ရင်တုန်ပန်းတုန်နှင့် ရောက်ရောက်ချင်း ပြော၏။

“အဲ့ဒီ ပြောပြောနေတဲ့ အပေါက်တွေ ပိတ်သွားစေမယ့်ကိစ္စတစ်ခုကို တွေ့ထားလို့ပါ”

ထွန်းတောက်ထိန်က ပြောလိုက်တော့ ဆရာမသုံးဦးက စိတ်ဝင်တစား ကြည့်ကြသည်။

“အခုတလော ဒီနယ်တဝိုက်မှာ စပီးကင်းဆရာမတစ်ယောက် နာမည်ကျော်နေတယ်လေ၊ ငါတို့ ငှားရင် ကောင်းမလားလို့၊ ဒီမှာ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် သင်ပေးနိုင်မယ့် ဆရာလည်း မရှိဘူးလေ”

“ဟုတ်တော့ ဟုတ်တယ်၊ ဆက်ပြောပါဦး နင့်အကြံကို”

“ငါတို့ အဲဒီဆရာမကို ငှားမယ်၊ တနှစ်လောက်ပေါ့၊ တစ်ကျောင်းလုံးကို သင်စေမယ်၊ တစ်ကျောင်းလုံးတင်မကဘူး၊ ရွာထဲက စပီးကင်းတက်ချင်သူ မည်သူမဆို တက်ခွင့်ရမယ့် နည်းလမ်းမျိုးပေါ့”

“အကျိုးထူးမှာလားဟင်”

“ထူးနိုင်တာပေါ့၊ ဒါက ကလေးတွေကို အင်္ဂလိပ်စာ ကျွမ်းကျင်စေချင်တဲ့ စေတနာလေ၊ အဲ့ဒီတော့ ကျောင်းသားမိဘတွေက သဘောကျမှာပါ၊ ငါ မြောက်မြို့နယ်မှာ နေခဲ့တုန်းက အဲ့ဒီဆရာမအကြောင်း ကြားလာတာ၊ အသင်အပြ အလွန်ကောင်းသတဲ့၊ စပီးကင်းကို မွတ်နေအောင် ပြောတတ်သတဲ့၊ ရွာတွေကလည်း အလုအယက်ကို ငှားကြတာဆိုပဲ”

“ဪ”

“ဪ”

“ဪ”

“သိတဲ့အတိုင်း ဒီ အရှေ့မြို့နယ်ရော မြောက်မြို့နယ်ရောမှာ ဆရာ ဆရာမတွေအားလုံး CDM ဝင်ကြတော့ နဂိုက အင်္ဂလိပ်စာဆရာတွေက နယ်အဝေးကို ရောက်ကုန်ကြတယ်လေ၊ အဲ့ဒီတော့ အင်္ဂလိပ်စာဆရာ ရှားတယ်၊ အခုဆရာမကလည်း CDM ပဲ၊ သူကတော့ မြောက်မြို့နယ်ကမို့ ကျန်နေတာ၊ အခုလို ကြားကာလမှာ CDM ဆရာ ဆရာမတွေက အဝေးမှာချည်း နေကြတာများတော့ ဆရာဝင်လုပ်ကြတာ ရှားတယ်၊ ဦးကြည်ဆန်းတို့ ဒေါ်ကြည်လင်တို့လိုပေါ့၊ အဲ့ဒီတော့ အင်္ဂလိပ်စာ ဆရာလည်း ရှားတော့တာပဲ၊ အဲဒါကြောင့်မို့လို့ ကြားကာလမှာ ဖွင့်တဲ့ရွာတွေက အလုအယက်ကို ငှားနေကြတာတဲ့”

“ငါတို့တော့ မကြားမိပါဘူး”

“ဘယ်ကြားမိမလဲ၊ မြောက်မြို့နယ်မှာကိုး၊ ငါတို့နယ်မှာမှမဟုတ်တာ၊ ငါတို့နယ်ကလူတွေ သိသွားအောင် ငါတို့က အလျင်ဆုံး ငှားရင်ကောင်းမလားလို့”

“နင်ကောင်းမယ်ထင်ရင် ငှားကြည့်ပေါ့”

“စျေးတော့ ကြီးတယ်ပြောတယ်၊ ဆယ်သိန်းလောက်တဲ့”

“ဟင် ဆယ်သိန်းကြီးတောင်လား”

ဆရာမတွေက ပြိုင်တူပြောလိုက်ကြသည်။

“ဆယ်သိန်းကြီးဆိုတော့ သူ့တစ်လစာက အဝင်းတို့ ဆယ်လစာနဲ့ ဟုတ်ပေါင် တစ်နှစ်စာနဲ့ ညီမျှတာပေါ့”

“စျေးကြီးသလောက် တကယ်အကျိုးထူးပါတယ်၊ တစ်ကျောင်းလုံးနဲ့ တစ်ရွာလုံးကို အင်္ဂလိပ်စာ ကျွမ်းကျင်သွားစေမှာကိုး”

“အင်းပေါ့၊ နင်က ကောင်းမယ်ထင်တယ်ဆိုပေမယ့် ဆရာမတွေအားလုံးနဲ့ တိုင်ပင်သင့်တယ်လို့ ထင်တယ်၊ ပြီးတော့ ရွာကိုလည်း တိုင်ပင်ရဦးမှာပဲ၊ ဘာလို့ဆို ငှားခက ဆယ်သိန်းဆိုလို့၊ အဲ့ဒီဆယ်သိန်းကို နင် ဘာ်ကနေ စိုက်ထုတ်ပေးမှာမို့လို့လဲ”

“ငွေအတွက် မပူပါနဲ့၊ ငါ အားလုံး တွက်ချက်ထားပြီးသားပါ၊ ရွာရဲ့သဘောကိုတော့ သိပ်ပြီး မလိုအပ်ဘူးထင်တယ်၊ ရွာထဲကနေ ငွေကို ငါက တောင်းမှာ မဟုတ်လို့ပဲ၊ အဓိကက ရွာထဲကလူတွေရဲ့သားသမီးတွေကို အင်္ဂလိပ်စာ ကျွမ်းကျင်စေချင်တဲ့ စေတနာပါ၊ အဲ့စေတနာကို သူတို့ နားလည်လည် မလည်လည် ငါကတော့ ဆက်လုပ်သွားမယ်၊ နောင်နေ့ အဲ့ကိစ္စ ဆွေးနွေးဖို့အတွက် ဆရာမတွေကို အစည်းအဝေးရှိတယ်လို့ ကလေးတွေကို လိုက်အပြောခိုင်းလိုက်ဦး”

“အေးပါ”


နောင်နေ့ အစည်းအဝေးပွဲ၌ ဆရာမများ စုံလင်သောအခါ ထွန်းတောက်ထိန်ကပဲ စကားစ,လိုက်သည်။

“ကျွန်တော် အခုလို အစည်းအဝေး ခေါ်ယူရတဲ့ အကြောင်းရင်းက ကျွန်တော်တို့စာသင်ကျောင်းမှာက စပီးကင်းဆရာမ ငှားရမ်းမယ့်ကိစ္စအကြောင်းပါ၊ သိတဲ့အတိုင်း ကျွန်တော်တို့ကျောင်းမှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် သင်ပေးနိုင်တဲ့ ဆရာမ မရှိဘူး၊ အဲ့ဒီတော့ ကလေးတွေအတွက် ပညာရေးက မပြည့်ဝဘူး၊ ဒါ့ကြောင့်မို့လို့ စပီးကင်းဆရာမ ငှားရမ်းမယ့် စိတ်ကူးပေါ်လာလို့ပါ”

ဆရာမများအားလုံးက ဘာမျှ ဝင်မပြောဘဲ ထွန်းတောက်ထိန် ဆက်ပြောလာမည်ကိုသာ စိတ်ဝင်တစား နားထောင်နေကြသည်။

“ကျွန်တော့်ရဲ့စိတ်ကူးအတွက် ဆရာမတို့ ဘယ်လို သဘောရှိလဲဆိုတာ သိချင်ပါတယ်၊ အရင်ဆုံး ဒုကျောင်းအုပ်လေးလေးဖြူ ပြောပြပေးပါလား”

“ဟုတ်တယ်၊ အဲ့ဒါတော့ ကျွန်မတို့ကျောင်းမှာ အတော်လေးကို လစ်ဟာချက် ဖြစ်နေတယ်၊ ဒါ့ကြောင့် ကျွန်မ လက်ခံပါတယ်ရှင်”

ကျန်သည့် ဆရာမများ အားလုံးကလည်း ခေါင်းညိတ်ကြပြီး ကောင်းတယ်ဟု မှတ်ချက်ပေးကြသည်။

“ဆရာမတို့က ဒီလို သဘောရှိတယ်ဆိုရင် ငှားရမ်းမယ့်ကိစ္စအကြောင်း ကျွန်တော်ရှင်းပြပါ့မယ်၊ ကျွန်တော်တို့နယ်နဲ့ မြောက်မြို့နယ်မှာ စပီးကင်း ကျွမ်းကျွမ်းကျင်ကျင် သင်တတ်တဲ့သူဆိုလို့ အဲ့ဒီဆရာမတစ်ယောက်တည်းပဲ ရှိတယ်ပြောရမယ်၊ ဒါ့ကြောင့် အဲ့ဒီဆရာမကို ယခုလို ကြားကာလပညာရေးကျောင်းတွေက အလုအယက်ငှားနေကြတယ်လို့ သတင်းကြားတယ်၊ အဲ့ဒီအတွက်ကြောင့် ကြေးတော့ ကြီးမြင့်တာပေါ့၊ ဆရာမက တောင်းသလောက် ပေးနိုင်တဲ့ ရွာတွေကို ဦးစားပေးတယ်တဲ့၊ ဒါက ဆရာမတို့နားလည်ပေးနိုင်အောင် ရှင်းပြတာပါ၊ ဒါ့ကြောင့် ငှားရမ်းခက ဆယ်သိန်းဝန်းကျင် ရှိနိုင်ပါတယ်”

“တစ်နှစ်စာလားဆရာ”

လေးလေးဖြူက ဝင်မေးသည်။

“မဟုတ်ပါဘူး၊ တစ်လစာပါ”

“ရှင်၊ တစ်လစာကို ဆယ်သိန်းဆိုတော့ မများလွန်းဘူးလားရှင်”

ထွန်းတောက်ထိန် ထင်ထားသည့်အတိုင်း လေးလေးဖြူကပါ ပြောလာပြန်သည်။

“ကျွန်တော်အစက နားလည်အောင် ရှင်းပြလိုက်ပြီးပြီလေ၊ ပြန်ပြောပြရမှာလား၊ ဒီနယ်နဲ့ မြောက်မြို့နယ်မှာ စပီးကင်းဆရာက ရှားပါတယ်လို့၊ ဒါ့ကြောင့်မို့လို့ ရွာတွေက အလုအယက် ငှားနေကြပါတယ်လို့လေ၊ အဲဒီတော့ စျေးကြီးတာပေါ့၊ စျေးကြီးတာထက် ကလေးတွေ ပညာတတ်ဖို့က အရေးကြီးတယ်လေ၊ ပညာကို ငွေကြေးနဲ့ တန်ဖိုးမဖြတ်ပါနဲ့၊ ကျွန်တော် စဥ်းစားထားတာကတော့ စပီးကင်းက ကလေးတွေအတွက်တင်မဟုတ်ဘူး၊ ဆရာမတွေအတွက်လည်း ပါတယ်၊ ကျွန်တော့်အတွက်လည်း ပါတယ်၊ ကျွန်တော်လည်း စပီးကင်းကို တက်မယ်၊ ဆရာမတို့ကိုလည်း တတ်စေချင်ပါတယ်၊ ရွာထဲက တက်ချင်သူတွေကိုလည်း တက်လို့ရမှာပါ၊ တစ်နှစ်တည်းပဲ ငှားမှာပါ၊ စျေးဘယ်လောက်ကြီးကြီး တစ်နှစ်တည်းပါပဲ၊ အဲ့တစ်နှစ်အတွင်း ဆရာမတို့လည်း ကျွမ်းကျင်အောင် တက်ပြီး ကလေးတွေကို ပြန်သင်ပေးစေချင်ပါတယ်”

“အဲဒီလိုဆိုရင်တော့ ဆရာပြောတာ မဆိုးပါဘူး၊ အဲ့ဒီဆရာမကို ပေးရမယ့် လခအတွက် ကလေးတွေဆီက တိုးကောက်မှာလားရှင့်၊ အဲဒီလိုဆိုရင်တော့ ကျွန်မက လက်မခံဘူး၊ ကလေးတွေဆီက ဘာအကြောင်းကြောင့်မှ ကျောင်းလခကို တိုးမကောက်စေချင်ဘူး၊ ဘာလို့ဆို ကျောင်းလခက စျေးကြီးလို့ဆိုပြီး ကလေးတွေ ကျောင်းထွက်ကုန်မှာစိုးလို့၊ သိတဲ့အတိုင်း အခုခေတ်က ကျောင်းသားမိဘတွေလည်း ကျပ်တည်းနေကြတယ်လေ၊ ပြီးတော့ –

လေးလေးဖြူကရှင်းပြသည်။ တခြားဆရာမများကလည်း လေးလေးဖြူပြောတာကို ထောက်ခံနေကြ၏။

“အဲ့အတွက်လည်း ကျွန်တော်ထည့်သွင်းစဥ်းစားထားပြီးသားပါ-“

ထွန်ူတောက်ထိန်က လေးလေးဖြူပြောနေတာက မရပ်တော့သဖြင့် ဖြတ်ပြောလိုက်သည်။

“- ကလေးတွေဆီက ကျောင်းလခ တစ်ပြားမှ တိုးမကောက်ပါဘူး၊ ကျွန်တော့်ဆီမှာ ရှိတဲ့ တော်လှန်ရေးရန်ပုံငွေထဲက ထည့်သုံးမယ်”

“အဲ့လိုကရော အဆင်ပြေပါ့မလားဟင်၊ ဆရာ့ကို လူတွေက ပြောကြမလားပဲ၊ တော်လှန်ရေးအတွက် လှူထားတဲ့ငွေကို စာသင်ကျောင်းအတွက် သုံးတယ်ဆိုပြီးတော့လေ၊ ကျွန်မကတော့ တော်လှန်ရေးငွေကို တော်လှန်ရေးအတွက်သက်သက်ပဲ သုံးစေချင်တယ်၊ ကျောင်းအတွက် မသုံးစေချင်ပါဘူး၊ မတော်လို့ တော်လှန်ရေးအတွက်ငွေကို ကျောက်းအတွပ်သုံးတာကို သူတစ်ပါးတွေ သိကုန်ရင် ဆရာ့ဆီ လှူနေကျ အလှူရှင်တွေက ရပ်တန့်သွားစေနိုင်တယ်”

“ဒါကို ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်၊ အလှူရှင်တွေကိုလည်း ကျွန်တော်နားလည်အောင် ပြောနိုင်ပါတယ်၊ အခုကိစ္စက အလှူရှင်တွေရဲ့ မိသားစုတွေအတွက်လည်း ပါတာမို့လို့ ဒီကိစ္စအတွက် ဆရာမတို့ မပူပါနဲ့၊ ပြဿနာဖြစ်လာရင်တောင် ကျွန်တော်တစ်ယောက်တည်းပဲ ခံမယ်၊ ဆရာမတို့ကို ဆွဲမထည့်ပါဘူး”

“ဒါဆို ဆရာက စပီးကင်းဆရာမကို လုံးဝ ငှားလိုက်တော့မယ်ပေါ့”

ဘယ်တုန်းကမှ ဝင်မပြောဖူးသော ဒေါ်သီတာက ပထမဆုံးအကြိမ် ဝင်ပြောလာသည်။ ဒေါ်သီတာနှင့် ဒေါ်စန္ဒာအောင်တို့သည် ဆယ်တန်းမအောင်သော ဆရာမများဖြစ်သဖြင့် ကိုယ့်အကြောင်း ကိုယ်သိကာ ဘာကိစ္စမဆို ဝင်မပါကြပေ။ သည်တစ်ခါတော့ ဘာရယ်မသိ ဝင်ပါလာသည်။

“ဟုတ်ကဲ့၊ ကျွန်တော်ကိုယ်တိုင် မနက်ဖြန် သွားငှားလိုက်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ဘာဖြစ်လို့လဲဟင်၊ ဆရာမမှာ ပြောစရာ ရှိလို့လား၊ ဒေါ်သီတာက အရင်ကလည်း ဘာမှ ဝင်မပြောဖူးဘူးနော်၊ ဆရာမမှာလည်း ပြောပိုင်ခွင့် ရှိပါတယ်”

“စပီးကင်းဆရာမကို ငှားလိုက်ရင် ကျွန်မတို့အားလုံးကို နှိမ်သလို မဖြစ်ဘူးလားရှင်”

ဒေါ်သီတာ့စကားကို ဆရာမများအားလုံး နားမလည်ဖြစ်သွားကြသည်။ ထို့အတူ စိတ်ဝင်တစားလည်း ဖြစ်သွားကြသည်။ သည့်ကြောင့် အားလုံးက ဒေါ်သီတာ့ထံ အကြည့်ပို့လိုက်ကြသည်။

“ဘာရယ်၊ ဘာလို့ ဆရာမအားလုံးကို နှိမ်သလိုဖြစ်ရမှာလဲ၊ ကျွန်တော်နားမလည်လို့ ရှင်းပြပါလားဆရာမ”

“စပီးကင်းဆရာမရဲ့ လခက တစ်လကို ဆယ်သိန်း၊ ကျွန်မတို့က တစ်လ တစ်သိန်းဆိုတော့ ကျွန်မတို့ကို နှိမ်လွန်းရာ ကျတာပေါ့ရှင်၊ ဘယ်လိုလုပ်မျှတတော့မှာလဲရှင်”

ထိုစကားကြောင့် အဝင်း၊ ဒေါ်နီလာ၊ ဒေါ်ကြည်သာဆွေတို့တစ်သိုက်က ဟက်ကနဲ့ ရယ်ချလိုက်သည်။ သဘောက ဆယ်တန်းအောင်၊ ဘွဲ့ရပြီးသူတွေကတောင် ဘာမှမပြောတာ ဆယ်တန်းမအောင်သေးသူက လာလာချေသေးဆိုသည့်အထာမျိုး။ စိတ်ပျက်သည့်အမူအရာနှင့် ချဥ်ပြလိုက်ကြသည်။ ဒေါ်လေးလေးဖြူကတော့ ကျွန်မလည်း ဒါပဲပြောချင်တာ ဟု ဝင်ပြောသည်။

“ဒါတော့ ကိုယ့်စိတ်အခြေအနေအပေါ်မှာပဲ မူတည်တာပေါ့လေ၊ ကျွန်တော်တို့လည်း အင်္ဂလိပ်စာမှ မကျွမ်းကျင်ကြတာ၊ နှိမ်တဲ့သဘောဖြစ်နေလည်း ဘာတတ်နိုင်မှာလဲ၊ ကိုယ့်အကြောင်း ကိုယ်သိရမှာပေါ့”

“ကျောင်းစာတွေထဲမှာ အင်္ဂလိပ်စာတစ်ခုတည်းပဲ အရေးကြီးတာလားရှင်၊ ဘယ်ဘာသာမဆို အရေးကြီးတာပဲ၊ အင်္ဂလိပ်စာမှာ အမှတ်ဘယ်လောက်ရရ တခြားဘာသာတစ်ခုခုမှာ ကျသွားရင် စာမေးပွဲကျတာပဲလေ၊ ဒါတောင်မှ အင်္ဂလိပ်စာ ဆရာမကျမှ လစာများများပေးတာက ဘယ်မျှတတော့မှာလဲ၊ ပြီးတော့ အင်္ဂလိပ်စာဆရာမက အလွန်အလွန်တော်ပြီး ကျွန်မတို့က အရမ်းအရမ်းကို ညံ့တဲ့သဘောဖြစ်နေတာပေါ့၊ ဒါဟာ နှိမ်တာ မဟုတ်လို့ ဘာလဲရှင်၊ ပြီးတော့ ကျောင်းအုပ်ဆိုရင် ကလေးတွေရဲ့ ခံစားချက်ကိုပဲ ထည့်တွေးရမှာ မဟုတ်ဘူး၊ ဆရာမတွေရဲ့ ခံစားချက်ကိုလည်း ထည့်တွေးရမှာပါ၊ ဆရာက စပီးကင်းဆရာမကို ငှားမယ်ဆိုကတည်းက ကျွန်မတို့ခံစားချက်ကို ထည့်မတွေးခဲ့တာပဲ၊ အထူးသဖြင့် ကျွန်မတို့လို ဆယ်တန်းမအောင်သူတွေရဲ့ ခံစားချက်ကိုပေါ့၊ ကျွန်မက ဆယ်တန်းမအောင်ပေမယ့် ခံစားတတ်ရမှန်းတော့ သိပါတယ်ရှင်၊ ဆရာဘယ်လိုပဲ ပြန်လည်ဖြေရှင်းပါစေ ကျွန်မကတော့ ကန့်ကွက်ပါတယ်၊ ဒါပါပဲ၊ ကျွန်မအရင်ဆုံး ပြန်ပါတော့မယ်”

“ကျွန်မရောပဲရှင်”

ဒေါ်စန္ဒာအောင်ကလည်း ထသွားသည်။

“နေ နေပါဦးဆရာမရဲ့”

ထွက်သွားသည့်ဆရာမများကတော့ ပြတ်သားစွာ လှည့်မကြည့်ကြတော့ပေ။ ကျန်ခဲ့သည့် အဝင်းတို့တစ်သိုက်ကတော့ အံ့သြမင်သက်မဆုံးဖြစ်လျှက် ရှိကြသည်။

“ခက်တာပဲ ဒီဆရာမတွေနဲ့တော့၊ ကိုယ်လိုရာ ဇွတ်ကို ဆွဲတွေးတော့တာပဲ”

“ကျွန်မအမြင်တော့ ဒီကိစ္စအတွက် အချိန်ယူရဦးမယ်ထင်တာပဲ၊ ကျွန်မလည်း ဒီကိစ္စကို သိပ်သဘောမတွေ့လို့လေ၊ နောင်နေ့မှ ဆက်ဆွေးနွေးကြတာပေါ့နော်၊ ဒါဆို ဒီလောက်နဲ့ အစည်းအဝေးကို လက်စသတ်လိုက်ကြမလား”

ဒေါ်လေးလေးဖြူက ဝင်ပြောသဖြင့် ထွန်းတောက်ထိန်က ဟုတ်ကဲ့ပါ ဆိုပြီး ခေါင်းညိတ်လိုက်သည်။ လေးလေးဖြူထွက်သွားသည့်အခါမှာတော့ ကျန်ခဲ့သည့်အဝင်းတို့တစ်သိုက်ကတော့ အတင်းပြောမဆုံး ရှိနေကြတော့သည်။

“ကိုယ့်မျက်ချေး ကိုယ်မမြင်ကြတဲ့ ကောင်မတွေပါလားအေ၊ ဒေါ်ဖြူပြာကရော ဘာဖြစ်ပြန်တာလဲ၊ ကျွန်မလည်း သိပ်သဘောမတွေ့ဘူးဆိုပါလား၊ အဲ့ကောင်မလည်း ဘာလုပ်လုပ် အဆိုးပဲ မြင်နေတာပါလားနော်”

“ကျေးဇူးပြုပြီး နင်တို့လည်း ဒီလိုအပြောအဆိုလေးတွေ လျှော့ပေးပါဦး”

ထွန်းတောက်ထိန်က သတိပေးစကားပြောပြီး စိတ်ပျက်လက်ပျက်နှင့် အစည်အဝေးနေရာက လှည့်ပြန်သည်။


နောက်တစ်ကြိမ် အစည်းအဝေးပွဲ၌ ဒေါ်သီတာနှင့် ဒေါ်စန္ဒာအောင်တို့သည် လုံးဝ မလာကြတော့ပေ။ တကယ်ဆို ထွန်းတောက်ထိန်သည် နောက်တစ်ကြိမ်အစည်းအဝေးကို မလုပ်ဘဲ စပီးကင်းဆရာမကို သွားငှားဖို့ စိတ်ကူးရှိသည်။

ဒေါ်လေးလေးဖြူက နောက်တစ်ကြိမ် ဆက်ဆွေးနွေးကြတာပေါ့ဟု ပြောခဲ့သောကြောင့်သာ ပြန်လည်အစည်းအဝေးလုပ်ရသည်။ သို့သော်လည်း ဘယ်သူဘာပြောပြော ဂရုမစိုက်တော့ဘဲ စပီးကင်းဆရာမကို သွားငှားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သည့်ကြောင့်လည်း သည်ဆွေးနွေးပွဲတွင် ဘာမျှ ဝင်မပြောတော့ဘူးဟုလည်း ဆုံးဖြတ်ထားသည်။

“ဒေါ်လေးလေးဖြူက နောက်တစ်ကြိမ် ဆက်ဆွေးနွေးကြတာပေါ့လို့ ပြောလို့သာ အားလုံးကို ခေါ်လိုက်ရတာပါ၊ ဒေါ်သီတာနဲ့ ဒေါ်စန္ဒာအောင်တို့က မလာတော့ဘူးဆိုတော့ သူတို့သဘောထားက စပီးကင်းဆရာမ ခန့်အပ်ဖို့ကို သဘောမတူဘူးလို့သဘောထားလိုက်ပါ့မယ်၊ ဒေါ်လေးလေးဖြူက ဘာများ ပြောချင်တာ ရှိသေးလို့ပါလဲခင်ဗျာ”

“ကျွန်မအမြင်မှာတော့ စပီးကင်းဆရာမငှားမယ့်ကိစ္စကို စိတ်ကူးပေါ်တဲ့ ဆရာ့ရဲ့ လုပ်ရပ်ကို မမှားဘူးလို့ မြင်ပါတယ်၊ မှားတယ်လို့ မြင်တာက စပီးကင်းဆရာမရဲ့ လုပ်ရပ်ကိုပါပဲ၊ ဒီကာလကြီးမှာ လူတိုင်း ကျပ်တည်းနေကြတာ အသိသားပဲလေ၊ တချို့တွေ စားစရာတောင်မရှိဘူး၊ ကုန်စျေးနှုန်းကလည်း ကြီး၊ အလုပ်အကိုင်ကလည်း ရှားပါး နဲ့၊ တချို့ကလေးတွေကို ကျောင်းတောင် မထားနိုင်ကြဘူး၊ ဒီလိုအခြေအနေကို ဆရာမ ဖြစ်တဲ့ စပီးကင်းဆရာမက လစ်လျူရှူထားသလိုပဲ၊ အတ္တကြီးတယ်လို့ ပြောရမယ်၊ ဒီလိုအခြေအနေမှာ ဆရာမက အားလုံးအပေါ် စာနာနားလည်စွာနဲ့ စေတနာထားပြီး သင်ပေးရမှာ၊ စပီးကင်းဆရာ ရှားလို့ အလုအယက်ငှားနေကြတာကို အခွင့်ကောင်းယူပြီး စျေးကြီးကြီးတောင်းဆိုတာက နှလုံးသား ကင်းမဲ့ရာ ကျတာပေါ့၊ တခြားဆရာဆရာမတွေအပေါ်ကိုလည်း နှိမ်ရာ ကျတာပေါ့၊ သူက ပိုမြင့်မြတ် ပိုတော်ပြီး တခြားဆရာ ဆရာမတွေက နိမ့်ကျတယ် မတော်ဘူးဆိုတဲ့သဘော ဖြစ်စေတာပေါ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေထုတ်ထားတယ်လေ၊ ဘယ်အတန်းပဲ သင်သင်၊ ဘယ်ဘာသာပဲ သင်သင် ဆရာ ဆရာမတွေအားလုံးက ရာထူးတူနေရင် လစာအတူတူရတာပါပဲ၊ အခုဆရာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေကို သွေဖည်နေတယ်လေ၊ ဒါ့ကြောင့်လည်း ဒေါ်နီလာနဲ့ ဒေါ်စန္ဒာအောင်တို့က အဲ့ဒီလိုခံစားရသွားပြီး အားငယ်သွားရှာတာ၊ ဒါ့အပြင် ဒီကိစ္စအတွက်ကြောင့် ဆရာ ဆရာမတွေကြားမှာ တင်းမာမှုလေးတွေ ဖြစ်လာစေနိုင်တယ်၊ လက်ခံသူနဲ့ လက်မခံသူတွေ မသင့်မြတ်ကြတော့သလိုပေါ့၊ ဒါ့ကြောင့် တင်းမာမှုတွေ ဒီ့ထက်မများခင် စပီးကင်းဆရာမကို မငှားသင့်ဘူးလို့ ကျွန်မမြင်ပါတယ်”

“ကျွန်တော့်အမြင်တော့ ဒေါ်လေးလေးဖြူက အတွေးခေါင်လွန်းတယ်လို့ ထင်မြင်ပါတယ်၊ ဒီကျောင်းမှာ ဘယ်သူမှ အင်္ဂလိပ်စာကောင်းကောင်း မသင်တတ်ကြလို့ ကလေးတွေ ပညာငတ်မွတ်နေပါလို့ ကျွန်တော်ဆယ်ခွန်းမက ပြောနေပြီးသားပဲ၊ ဒါကို ဆရာမက ဘာကြောင့် ထည့်သွင်းမစဥ်းစားတာလဲဟင်၊ စျေးကြီးလည်း ကြီးပါစေပေါ့၊ သူလောက်မှ ကိုယ်တို့မှ မတော်ကြတာ၊ လူတိုင်းသာ အင်္ဂလိပ်စာ ကျွမ်းနေရင် ဒီလိုပြဿနာတွေ ပေါ်လာစရာအကြောင်းတောင်မရှိဘူး၊ ဒါ့ကြောင့် အဓိကက အင်္ဂလိပ်စာ တတ်ဖို့ပါပဲ၊ ဒါ့ထက် ဘာနည်းလမ်းကောင်း ရှိနေသေးလို့လဲ”

“နည်းလမ်းတော့ မရှိသေးပေမယ့် ဒါ့ထက်ဆွေးနွေးရင် အဖြေတွေ့ချင် တွေ့ချင်မှာပေါ့၊ တကယ်တော့ ကျွန်မတို့လုပ်ရမှာက သူများတွေ လုပ်တိုင်း ကျွန်မတို့ပါ လိုက်မလုပ်ဖို့ပဲ၊ ဘာလို့ဆို အဲဒီဆရာမရဲ့လုပ်ရပ်တွေက မသင့်တော်လို့လေ၊ အခုခေတ်မှာ တစ်နိုင်ငံလုံးအပေါ် ပတ်လိမ်နေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းဆန်တယ်၊ ပညာရေးကျားဖြန်လို့တောင် ပြောရမလားပဲ၊ စပီးကင်းငှားဖို့က သင့်မသင့်ကို ငှားဖူးတဲ့ရွာတွေဆီ အရင်ဆုံး စုံစမ်းပြီး လေ့လာသင့်သေးတယ်၊ တက်ခဲ့ဖူးတဲ့ ကလေးတွေလည်း တကယ်တတ်ကျွမ်း မကျွမ်း ဆိုတာတွေရောပေါ့”

“ရွာတွေက အလုအယက် ငှားနေကြပါတယ်ဆိုမှတော့ တတ်ကျွမ်းသလား မကျွမ်းဘူးလား၊ သင့်လား မသင့်ဘူးလားဆိုတာ မေးနေစရာတောင် မလိုတော့ဘူးလေ၊ အဖြေက ရှင်းနေပြီပဲဟာကို၊ ဒါ့ကြောင့် ကျွန်တော်ငှားမယ်၊ ကျွန်တော်ကိုယ်တိုင်လည်း စပီးကင်းတတ်ချင်လို့ကို ငှားမယ်၊ တခြားတားမယ့် ဆရာမတွေ ရှိရင် လက်ထောင်ပြပါ”

လေသံမာနေသော ထွန်းတောက်ထိန်၏ အသံကြောင့်ထင်သည် မည်သည့်ဆရာမကမျှ လက်မထောင်ကြပေ။

“ကဲ ဒါဆို ကန့်ကွက်သူက သုံးယောက်ပဲရှိပြီး ထောက်ခံသူက ဆယ်ယောက်ရှိတယ်ပြောရမယ်၊ ဒါဆို ကျွန်တော်အကောင်အထည်ဖော်လို့ရပြီ၊ ဆွေးနွေးပွဲလည်း ဒီလောက်နဲ့ ပြီးပါပြီ”

သည်တစ်ခါထွက်သွားသူကတော့ ထွန်းတောက်ထိန်ပဲ ဖြစ်သည်။ သို့သော်လည်း ဒေါ်လေးလေးဖြူက ထွန်းတောက်ထိန်ကြားအောင် အော်ပြောသည်။

“စပီးကင်းဆရာမကို ငှားလိုက်တော့ကော ကလေးတွေ တကယ်စာတတ်သွားမှာမို့လားဟင်၊ တနှစ်တည်းနဲ့ ဘယ်ကျောင်းသားမှ အလွယ်တကူတတ်ကျွမ်းမသွားပါဘူး၊ အဲဒီတော့ အဲဒီဆရာမပဲ အမြတ်ရပြီး ကျွန်မတို့ရှုံးလိမ့်မယ်၊ ဆရာ့တစ်သဘောတည်းနဲ့ ဆုံးဖြတ်ရင် အမှားပါလိမ့်မယ်”

“လေးလေးဖြူရဲ့ အတွေးအခေါ်တွေက အတော်ကြောက်စရာ ကောင်းတာပဲနော်၊ ပညာရေး တိုးတက်အောင် လုပ်တာကိုတောင် ကျားဖြန့်လို့ ထင်မြင်နေသေးတယ်၊ အံ့သြပါ့”

အဝင်းတို့တစ်သိုက်ကတော့ ဒေါ်လေးလေးဖြူအား မျက်စောင်းထိုးပြီး ဆောင့်ဆောင့်အောင့်အောင့်နှင့် ထသွားကြသည်။ ဒေါ်လေးလေးဖြူကား ရင်ခုန်နှုန်းမြန်လျှက် ကျန်ခဲ့သည်။

ဒေါ်လေးလေးဖြူပြောခဲ့သလို ထောက်ခံသူနှင့် မထောက်ခံသူကြားမှာ တင်းမာမှုတွေ ဖြစ်နေခဲ့ပြီမဟုတ်လား။ သည့်အပြင် ဒေါ်လေးလေးဖြူအား အတွေးခေါင်လွန်းသည်ဟု ပြောခံလိုက်ရသည့်အတွက် ဒေါ်လေးလေးဖြူ ခံပြင်းလှပါသည်။

■ ထွင်

အပိုင်း ၁၉ ဆက်ရန်…