စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ နေထိုင်စားသောက်ရေး အခက်အခဲရှိလာကြောင်း စစ်ဘေးရှောင် ဒေသခံအချို့က ပြောသည်။
ဇူလိုင်လ ၉ ရက်မှစ၍ စစ်အာဏာရှင်တပ်သည် ထား၀ယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်အင်အား တစ်ထောင်နီးပါးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ ဝင်ရောက်နေသဖြင့် ဒေသခံများတိမ်းရှောင်နေရသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့်ကြာမြင့် နေပြီ ဖြစ်သည်။
ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ၀ဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း၊ ကညင်အင်းစသည့် ကျေးရွာများမှ ဒေသခံများမှာ အသက်မွေးဝမ်းကျောင်း အလုပ်များကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်။
တိမ်းရှောင်ရသည့် ရက်ကြာလာသည်နှင့်အမျှ အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ခမောင်းချောင်းရွာမှ စစ်ဘေးရှောင် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“သူမှာပါတဲ့ ရိက္ခာ၊ ကိုယ်မှာပါတဲ့ ရိက္ခာ စုပြီးမျှဝေ စားသောက်နေရတယ်။ ကိုယ့်နေရာ ကိုယ့်ဒေသမဟုတ်တဲ့အတွက် ရက်ကြာလာလေလေ ပိုအခက်တွေ့လေပဲ။ စစ်ကြောင်းဘယ်တော့ ပြန်ထွက်မလဲဆိုတာကိုပဲ မျှော်နေကြရတော့တယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ကြောင်းမဝင်မီက တောခုတ်၊ မီးသွေးဖုတ် စသည့် လုပ်ငန်းများဖြင့် နေ့စဉ် ပုံမှန်ဝင်ငွေ ရှိကြသော်လည်း စစ်ကြောင်း ဝင်ချိန်တွင် အလုပ်လက်မဲ့ ဝင်ငွေမဲ့ဖြစ်ကာ စားဝတ်နေရေးအတွက် စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်ဒေသခံ အခြားတစ်ဦးက ပြောသည်။
“ဒီရာသီဆို တောခုတ်ခြံရှင်းတဲ့ အလုပ်တွေနဲ့ ဝင်ငွေရှာရတယ်။ မိန်းမတစ်ယောက် နေ့စားခ နှစ်သောင်း၊ ယောကျ်ား တစ်ယောက် သုံးသောင်း၊ မီးသွေးတစ်ပတ် ဖုတ်ရင် ဆယ်သိန်းပတ်ခြာလည်ရှိတယ်။ အခု ဒါတွေပစ်ထားရတော့ ခက်ဖို့ပဲ ရှိပြီပေါ့” ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်းသို့ အင်းအားအလုံးအရင်းဖြင့် ဇူလိုင်လ ၉ရက်တွင် စတင်စစ်ကြောင်းထိုးသဖြင့် ယနေ့ ဇူလိုင် ၁၅ ရက်အထိ ရက်သတ္တပတ် တစ်ပတ်အထိ ရှိလာပြီဖြစ်သည်။
ယင်းဒေသတွင် တိုင်းအတွင်းရှိ အခြားဒေသများကဲ့သို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး စခန်းများ သီးခြားမရှိ ခြင်းကြောင့် နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေထိုင်နေကြရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။
စစ်ကြောင်းမှာ ယနေ့အထိ ခမောင်းချောင်းကျေးရွာတွင် အခိုင်အမာတပ်စွဲကာ ဒေသအတွင်း ရွှေ့လျားပုံစံဖြင့် စစ်ကြောင်း ထိုးသွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။







