ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ပြစ်မှုကျူးလွန်သူများကို ချက်ချင်းနေရပ်ပြန်ပို့ရန် အစိုးရအဖွဲ့စတင်လုပ်ဆောင်

July 15, 2026

ပုံစာ - ဇူလိုင်လ ၇ ရက်နေ့က ရနောင်းမှ ကော့သောင်းသို့ မြန်မာနိုင်ငံသားများကို ပို့ဆောင်စဉ်

ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို အမြန်ဆုံး နေရပ်ပြန်ပို့မည့် နည်းဥပဒေကြမ်းကို အစိုးရအဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်သည်။

ပြီးခဲ့သော ဇွန်လက ထိုင်းနိုင်ငံထဲ ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို ချက်ချင်း နေရပ်ပြန်ပို့နိုင်မည့် နည်းဥပဒေကို ပြင်ဆင်ရေးဆွဲရန် ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူက ညွှန်ကြားခဲ့ပြီးနောက် နည်းဥပဒေကြမ်းကို အစိုးရအဖွဲ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ပြစ်မှု ခြောက်မျိုးအနက် တစ်မျိုးမျိုးကို ကျူးလွန်ခဲ့သော နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်အား အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြစ်မှု ခြောက်မျိုးတွင် တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ တရားမဝင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှု၊ သုံးနှစ်နှင့်အထက် ထောင်ချနိုင်သော ပြစ်မှုနှင့် ပြစ်မှုများကို အားပေးအားမြှောက်လုပ်ဆောင်မှုများ ပါဝင်သည်။

ယခုနည်းဥပဒေကြမ်းသည် ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်သော နိုင်ငံခြားသားများကို ပိုမို မြန်ဆန်စွာ နေရပ်ပြန်ပို့ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

နည်းဥပဒေကြမ်းအရ ပြစ်မှုကျူးလွန်သူ၏ အမည်၊ နိုင်ငံ၊ ပြစ်မှုအမျိုးအစားနှင့် အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးထံ တင်ပြရမည်ဖြစ်သည်။

ပြစ်မှုကျူးလွန်သူများကို နေရပ် အမြန်ဆုံး ပို့ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်ရမည်ဖြစ်သည်။

အကယ်၍ ပြစ်မှုကျူးလွန်သူ၏ နိုင်ငံကို အတည်မပြုနိုင်ပါက ထိုင်းနိုင်ငံသို့ မဝင်မီ နောက်ဆုံးနေထိုင်ခဲ့သော နိုင်ငံကို ပြန်ပို့မည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြစ်မှုကျူးလွန်သူများကို နေရပ်ပြန်ပို့စဉ် သံတမန်လမ်းကြောင်းက လျှောက်ထားလာပါက တတိယနိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး လက်ခံမည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းက ကုန်ကျစရိတ်ကို တာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Khaosod, Bangkok Post