ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း မင်းဒပ်နှင့် သိမ်ကုန်းရွာကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်

June 15, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ မင်းဒပ်နှင့် သိမ်ကုန်းရွာကြားတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ ဇွန်လ ၁၅ရက် နံနက်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ နံနက် ၇ နာရီခန့်တွင် မင်းဒပ်ရွာမှာရှိနေသည့် စစ်အာဏာရှင်တပ်သည် သိမ်ကုန်းရွာဘက်သို့ စစ်ကြောင်းထိုးစဉ် တော်လှန်ရေးတပ်တို့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံအချို့က‌ ဆိုသည်။ စစ်အာဏာရှင်တပ်သည် ဇွန်လ ၅ရက်တွင် မင်းဒပ်ရွာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

နှစ်ဖက်ပစ်ခတ်မှု တစ်နာရီခွဲခန့်ကြာ ဖြစ်ပွားခဲ့ပြီး မြိတ်-ထားဝယ်ကားလမ်း ပိတ်ဆို့ပြတ်တောက်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဒေသခံ ထိခိုက်မှုရှိတယ်လို့တော့ မကြားရဘူး။ စစ်တပ်ဘက်က သေတယ်လို့တော့ကြားတယ်။ သိမ်ကုန်းရွာဖျားဘက်ကို ရောက်လာပြီးမှ စစ်တပ် မင်းဒပ်ဘက်ကို ပြန်ဆုတ်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး ဝင်းဝစခန်းကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“ပစ်ခတ်မှု စဖြစ်ချိန်မှာ ရွာသားသုံးယောက် စစ်တပ်နဲ့ သွားတိုးမိတယ်၊ ဖုန်းတွေယူလိုက်ပြီး လူကိုတော့ ပြန်လွှတ် ပေးလိုက်တယ်” ဟု မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုကြောင့် မင်းဒပ်ရွာကွက်သစ် သစ်တိုကုန်းတွင် နေထိုင်နေသည့် ဒေသခံများနှင့် ဝဲရစ်၊ သိမ်ကုန်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။

မင်းဒပ်နှင့် သိမ်ကုန်းရွာတို့သည် စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းအနီးတည်ရှိသည့် ကျေးရွာများဖြစ်သည်။ ဝင်းဝစခန်း သည် မြိတ်-ထားဝယ်လမ်းရှိ သရက်ချောင်းမြို့မှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာကြား တစ်ခုတည်း ကျန်ရှိသည့် စစ်အာဏာရှင်တပ်စခန်းဖြစ်သည်။

အဆိုပါစခန်းကို မတ်လ ၁၁ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။ ယင်းနောက် ရက် ၂၀ ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် စစ်အာဏာရှင်တပ်က ပြန်လည် ထိန်းချုပ်ခဲ့သည်။

ယင်းသို့ တိုက်ပွဲများ ပြင်းထန်ခဲ့သဖြင့် မင်းဒပ်ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။