ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေး-သံဖြူဇရပ်ကားလမ်းတွင် အသတ်ခံထားရသည့် အမျိုးသားသုံးဦး အလောင်းတွေ့

May 14, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း‌ဘေးတွင် အသတ်ခံထားရသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရေး-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ် ၅၀/၅ အနီးတွင် လက်ပြန်ကြိုးတုပ်လျက် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါအမျိုးသားသုံးဦးသည် အိမ်တိုင်ရာရောက် ရေနံချေး လိုက်လံသုတ်ပေးသူများဖြစ်ပြီး သံဖြူဇရပ်မြို့ပေါ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တည်းခိုခန်းမှတ်တမ်းအရ အဆိုပါ အမျိုးသားသုံးဦးသည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်တို့မှ ဖြစ်ပြီး အသက် ၂၀ နှင့် ၄၀ ကြားအရွယ်များ ဖြစ်ကြကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါအမျိုးသားသုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ခဲ့သည်ကိုမူ မသိရသေးပေ။