မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအနီးတွင် စစ်ဘေးရှောင်ပြည်သူများ စီးနင်းလာသည့် ကားကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။
မေလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ဘေးရှောင် အရပ်သားပြည်သူ ခုနစ်ဦး စီးနင်းလာသည့် ကားသည် လေးကေတောင်ဂူဝ ဘုရားလေးလမ်းတွင် စစ်ကြောင်းနှင့်ဆုံရာ စစ်ကြောင်းက ကားကို ရပ်တန့်ခိုင်းပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ပစ်ခတ်ခံရမှုကြောင့် စစ်ဘေးရှောင် အသက် ၄၆ နှစ်အရွယ် နော်ဖိုးပီနား (ခ) နော်ဖောအဲ့နှင့် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ နော်ပန်းအိဖြူတို့ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးကြောင်း KNU ထံမှ သိရသည်။
ထို့အပြင် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် အခြားစစ်ဘေးရှောင်တစ်ဦးတို့မှာလည်း ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း ဖော်ပြသည်။
ပစ်ခတ်မှုအပြီးတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယာဉ်မောင်းနှင့် စစ်ဘေးရှောင် အမျိုးသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း KNU ထံမှ သိရသည်။
ဖမ်းဆီးခံရသူ လေးဦးအနက် ယာဉ်မောင်းနှင့် စစ်ဘေးရှောင်နှစ်ဦးတို့ကို မေလ ၁၀ ရက်တွင် ပြန်လည်လွတ်မြောက် လာသော်လည်း ကျန်စစ်ဘေးရှောင်တစ်ဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဖော်ပြသည်။
“လေးကေ၊ ဝင်းတာပန်ဘက်မှာ စစ်ရေးအခြေအနေက ပြင်းထန်နေတယ် ပြောရမယ်။ စစ်ကြောင်းတွေကလည်း တောက်လျှောက်ထိုးနေတယ်။ လေယာဉ်နဲ့ တိုက်နေတာကလည်း နေ့တိုင်းပဲ။ လူတွေကလည်း ရှောင်နေကြရတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ဘီးလင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန် စစ်အာဏာရှင်တပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်သည့် ဧပြီလဆန်းပိုင်းကတည်းက ဒေသတွင်း တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်အာဏာရှင်တပ်ကလည်း မြေပြင် စစ်ကြောင်းထိုးနေသလို လေကြောင်း၊ ဒရုန်း၊ စက်တပ်လေထီးများ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်နေသည်။
ထို့ကြောင့် နေအိမ်များ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း မီးလောင် ထိခိုက်ပျက်စီးမှု အများအပြားရှိပြီး လုပ်ငန်းခွင် ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။
လေးကေ၊ ဝင်းတာပန်ကျေးရွာအပြင် အနီးအနားက ကျေးရွာ ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။







