အင်္ဂလန်က နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နှစ်ဖက်အသင်းအကြား အပြန်အလှန် အပြစ်တင်မှုတွေရှိနေပြီပဲဖြစ်ပါတယ်။
အင်္ဂလန်အသင်းက နော်ဝေ ရရှိသွားတဲ့ဂိုးအတွက် ဝေဖန်ထောက်ပြခဲ့ပြီး နော်ဝေ ဂိုးမသွင်းခင်မှာ ဟယ်ရီကိန်း ပြစ်ဒဏ်ကျူးလွန်ခံရမှုက ပြစ်ဒဏ်ဘော သတ်မှတ်ပေးရမှာဖြစ်သလို နော်ဝေရဲ့သွင်းဂိုးက ပယ်ဖျက်ခံရသင့်ကြောင်း အင်္ဂလန်ကစားသမားတွေက ပြောကြားသွားခဲ့ပါတယ်။


နော်ဝေဘက်ကတော့ သူတို့ရဲ့ဒုတိယသွင်းဂိုးကို ပယ်ဖျက်တာအတွက် မကျေမနပ်ဖြစ်နေပြီး နော်ဝေတိုက်စစ်မှူး ဟာလန်း ကနေ အင်္ဂလန်နောက်ခံလူ အန်ဒါဆန် ကို တွန်းထိုးလိုက်မိတဲ့ဖြစ်စဉ်ဟာ ဘာမှ ပြစ်ဒဏ်ကျူးလွန်တာ မဟုတ်တာကို VAR မှာ ထင်ထင်ရှားရှား မြင်နိုင်ပါလျက်နဲ့ ဒီဂိုးကို ဘာကြောင့် ပယ်ဖျက်ခဲ့ရတာလဲလို့ နော်ဝေက မေးခွန်းထုတ်နေပါတယ်။
နော်ဝေဟာ အင်္ဂလန်ရဲ့အဖွင့်ဂိုးကိုလည်း ဂိုးမပေးသင့်တဲ့ဂိုးလို့ ထောက်ပြသွားခဲ့ပြီး Fox Sports က ပြတဲ့ Replay အနှေးပြကွက်တွေကို သေသေချာချာ ပြန်ကြည့်လိုက်ရင် ဘယ်လင်ဂမ် ဂိုးမသွင်းခင်မှာ နော်ဝေဂိုးသမား ကန်တင်လိုက်တဲ့ဘောလုံးက ကွင်းအပေါ်က Sky Camera ကို သွားရောက်ထိမှန်ခဲ့ပြီး အဲဒီလို ကင်မရာကို ထိမှန်ကာ ကျလာတဲ့ဘောလုံးကို အန်ဒါဆန် က ဆွဲယူ၊ အန်သိုနီ ဂေါ်ဒွန် ဆီ ထိုးပေး၊ အဲဒီကမှတစ်ဆင့် ဘယ်လင်ဂမ်က ကန်သွင်းသွားခဲ့တာ မြင်တွေ့ရပါတယ်။
FIFA ရဲ့ စည်းမျဉ်းအရ လေထဲက Sky Camer ကို ဘောလုံးသွားရောက် ထိမှန်ပြီဆိုတာနဲ့ ဒိုင်လူကြီးက ခရာချက်ချင်းမှုတ်ကာ ပွဲရပ်ရမှာဖြစ်ပြီး Drop-ball (ဘောလုံး ပြန်တည်ပေးတဲ့စနစ်) နဲ့ပဲ ပွဲကို ပြန်စရဖြစ်ပါတယ်။ အခုကတော့ ဒိုင်လူကြီးကလည်း ပွဲမရပ်ခဲ့သလို VAR ကလည်း ဝင်မစစ်ဆေးခဲ့တော့ နည်းပညာပိုင်းအရ ပြောရရင် ဒီဂိုးဟာ စည်းမျဉ်းနဲ့ငြိစွန်းနေလို့ ပယ်ဖျက်ပစ်ရမယ့် ဂိုးဖြစ်နေပါတယ်ဆိုပြီး နော်ဝေက ကန့်ကွက်နေပါတယ်။







