ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မော်ရိုကိုနဲ့ အုပ်စုအဖွင့်ပွဲကို ဘရာဇီးတိုက်စစ်မှူး နေမာ လွဲချော်မယ်

June 12, 2026

ဘရာဇီးအသင်းရဲ့ အသက် ၃၄ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး နေမာ ဟာ ခြေသလုံးကြွက်သား ဒဏ်ရာပြင်းထန်နေတာကြောင့် ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ရဖို့ သေချာသလောက် ရှိသွားပြီဖြစ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘရာဇီးအသင်း ဆရာဝန် ရိုဒရီဂို လက်စ်မာ က အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမယ့် နေမာရဲ့ ဒဏ်ရာအခြေအနေကို အတည်ပြုပေးခဲ့တာဖြစ်ပြီး နေမာအနေနဲ့ အခန့်မသင့်ရင် ၂ ပတ်ကနေ ၃ ပတ်လောက်အထိ အနားယူရလိမ့်မယ်လို့ ဒေါက်တာ လက်စ်မာ က ပြောသွားခဲ့ပါတယ်။

“နေမာဟာ မနေ့က ကျန်းမာရေးစခန်းကို လာရောက်သတင်းပို့ခဲ့ပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ အားလုံးကို ခံယူခဲ့ပါတယ်။ ဆေးစစ်ချက်တွေအရ အထူးသဖြင့် MRI ရလဒ်တွေမှာ သူ့ရဲ့ခြေသလုံးကြွက်သားက ရောင်ရမ်းရုံတင်မကဘဲ ဒဏ်ရာအဆင့် ၂ အထိ ရောက်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ သူ ပြန်လည်သက်သာလာဖို့အတွက် ၂ ပတ်ကနေ ၃ ပတ်အထိ အချိန်ယူရမှာပါ” လို့ ဒေါက်တာ လက်စ်မာက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒေါက်တာ လက်စ်မာရဲ့ အဆိုအရ MRI စစ်ဆေးချက်မှာ သတင်းထွက်ပေါ်နေသလို နေမာရဲ့ဒဏ်ရာက ရောင်ရမ်းရုံသက်သက် မဟုတ်ဘဲ Grade 2 အဆင့်ရှိတဲ့ ခြေသလုံးကြွက်သားစုတ်ပြဲမှု ဖြစ်နေတာကို ပြသနေပြီး ဒါဟာ ကြွက်သားမျှင်အချို့ တစ်စိတ်တစ်ပိုင်း ပြဲထွက်သွားတဲ့ အလယ်အလတ်အဆင့် ဒဏ်ရာအမျိုးအစားဖြစ်လို့ မဖြစ်မနေ အနားယူတာနဲ့ ကြံ့ခိုင်မှု ပြန်ပြည့်ဖို့ အချိန် လိုအပ်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီဆေးစစ်ချက် ရလဒ်ဟာ ကမ္ဘာ့ဖလား လူစာရင်းမကြေညာခင် နေမာရဲ့ လက်ရှိကလပ် ဆန်းတို့စ်အသင်းဘက်က ထုတ်ပြန်ခဲ့တဲ့အခြေအနေနဲ့ ကွဲလွဲနေပါတယ်။ ဆန်းတို့စ်အသင်း ဆရာဝန် ရိုဒရီဂို ဇိုဂိုက်ဘ် က နေမာရဲ့ ပြဿနာဟာ ရောင်ရမ်းရုံသက်သက်သာဖြစ်ပြီး ဘရာဇီးအသင်းနဲ့ပူးပေါင်းချိန်မှာ လေ့ကျင့်ခန်းဆင်းဖို့ ကြံ့ခိုင်မှု ပြည့်ဝနေလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။