မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် ခလရ (၁၀၆) တပ်ရင်းမှ ဒုတပ်ရင်းမှူးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက်တွင် ခလရ (၁၀၆) ဒုတပ်ရင်းမှူး ထွန်းရာကျော် စီးနင်းလာသည့်ကား ရပ်နားထားချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ခလရ (၁၀၆) ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို ရေးဘီလူးတပ်ဖွဲ့ဝင် နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
ခလရ (၁၀၆) ဒုတပ်ရင်းမှူး ထွန်းရာကျော် ပစ်ခတ်ခံရသည့်နေရာသည် လမိုင်းမြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်သာ ကွာဝေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။
“မနေ့က ညနေ ၆ နာရီလောက်မှာ ဖြစ်တာ။ ၄/၅ ချက်လောက်ရှိမယ် ပစ်ထည့်သွားတာ။ ထိသွားတာက ၁၀၆ က ဒုတပ်ရင်းမှူးလို့တော့ ပြောကြတယ်။ သူက ရပ်ထားတဲ့အချိန်မှာ လာပစ်သွားတာ” ဟု လမိုင်းဒေသခံတစ်ဦးက ပြောသည်။
လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့် ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို လမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ “ခလရ (၁၀၆) တပ်ရင်းတွင် အားကိုးရသော ဒုရင်းမှူးထွန်းရာကျော်ကို ကျွန်တော်တို့ ရေးဘီလူးတပ်ရင်းမှ ဝိဉာဉ်အသွင် ပြောင်းပေးလိုက်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ရေးသားထားသည်။
ဒုတပ်ရင်းမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် လမိုင်းမြို့တွင် စစ်အာဏာရှင်တပ်တို့က ရှာဖွေစစ်ဆေးမှုများ တင်းကြပ်ထားကြောင်းလည်း ဒေသခံတို့က ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့ကလည်း ရေးမြို့နှင့် ချောင်းတောင်ကျေးရွာကို ဆက်သွယ်ထားသည့် ချောင်းတောင်မြစ်ကူးတံတားတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။







