ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့ကရိတ်‌တောင်ပိုင်းရှိ ကျေးရွာအချို့ကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

February 12, 2026

ပုံစာ - ဖေဖော်ဝါရီလ ၈ ရက်က ဒရုန်းဖြင့် ဗုံးကြဲခံရမှုကြောင့် သာယာကုန်းရွာရှိ နေအိမ်များ ပျက်စီးမှုအခြေအနေ။ ဓာတ်ပုံ - CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်အာဏာရှင်တပ်က စစ်အင်အားတိုးမြှင့်ထားပြီး အရပ်သားပြည်သူရှိရာ ကျေးရွာအချို့ကို ဒရုန်းဖြင့် ဗုံးချကြောင်း ဒေသခံထံမှ သိရသည်။

ဇန်နဝါရီလကုန်ပိုင်းကစပြီး စစ်အာဏာရှင်တပ်သည် သထုံ- ဘားအံကားလမ်းအတိုင်း လက်နက်၊ စစ်အင်အား အများအပြားဖြင့် ဝင်ရောက်လာပြီး မြို့နယ်အတွင်းရှိ တပ်စခန်းများတွင် အင်အားတိုးမြှင့်ထားသည့်အပြင် ကျေးရွာ အချို့တို့တွင်လည်း ဝင်ရောင်တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၈ ရက်တွင် ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ကမိုင်ကုန်းကျေးရွာဘက်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က သာယာကုန်းကျေးရွာထဲကို ဒရုန်းဖြင့် ဗုံးသုံးလုံးထက်မနည်း ချခဲ့ကြောင်း ဒေသခံများက ဆိုသည်။

နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာဘက်မှာ ဒရုန်းတွေနဲ့ နေ့တိုင်းလာတယ်။ တစ်ခါတလေကျရင် လာပြီး ပြန်လှည့်သွားတယ်။ တစ်ခါတလေကျရင် ဗုံးကြဲချတယ်။ ရွာထဲမှာလည်း ကြဲချတယ်။ ရွာအပြင်ဘက်မှာလည်း ကြဲချတာရှိတယ်။ သူတို့ ရန်သူရှိမယ်ထင်တဲ့နေရာကို လိုက်ကြဲတာလို့ထင်တယ်။ ဒါပေမဲ့ ရွာမှာက ဘယ်လက်နက်ကိုင်မှလည်း မရှိဘူးလေ။ ကြဲရင် လူတွေပဲ ထိမှာ” ဟု ကော့ကရိတ်တောင်ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ရွာသစ်၊ မြို့ဟောင်းနှင့် အနီးအနားတဝိုက်က ကျေးရွာများကိုလည်း ဖေဖော်ဝါရီလအတွင်း စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကော့ကရိတ်တောင်ပိုင်းဘက်တွင် စစ်အာဏာရှင်တပ် ဝင်ရောက်လာပြီးနောက် သာယာကုန်း၊ ရွာသစ် အပါအင် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ်အတွင်း၌ အင်အားတိုးချဲ့ထားသည့် စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုသည်။