မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များတွင် စစ်အာဏာရှင်တပ် စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများဘက်သို့ ဖေဖော်ဝါရီလ ပထမအပတ်ခန့်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။
ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်တို့တွင် ကျိုက်ထိုမြို့နယ် မောက္ခမော့နှင့် ခရွဲကျေးရွာတို့အနီးဝန်းကျင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ တော်လှန်ရေးပူးပေါင်းတို့နှင့် စစ်အာဏာရှင်တပ် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း အဆိုပါကျေးရွာများအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှု ရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ခဲယမ်း အင်အား၊ လူအင်အား အများအပြား အသုံးပြုတိုက်ခိုက်နေကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဘီးလင်းမြို့နယ်တွင်လည်း အလူးကြီး၊ ဖိုးဝါသိမ်၊ ညောင်ထောက်ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၇ရက်တွင် ညောင်ထောက်ကျေးရွာ၌ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
“အခု သူတို့ (စစ်တပ်) စစ်ကြောင်းထိုးနေတဲ့ နေရာတွေက KNU နယ်မြေပေါ့။ အဲဒီဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့ နေရာတွေပေါ့။ စစ်ကြောင်းတွေ ဝင်လာတော့ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တိုက်တော့ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာပေါ့” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
အလားတူ သထုံမြို့နယ်အတွင်း၌လည်း ဇန်နဝါရီလကုန်ပိုင်းကစပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက် ကျေးရွာအချို့တွင် တိုက်ပွဲ မကြာခဏဖြစ်ပွားနေ ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲဖြစ်တဲ့နေရာက ဖြစ်။ လက်နက်ကြီးတွေလည်း လှမ်းပစ်နေတဲ့ဟာကလည်း ဆက်တိုက်ပါပဲ။ ထွက်ပြေးနေရတဲ့ လူတွေက ပြန်လာဖို့ မပြောနဲ့ ကျန်နေတဲ့လူတွေကလည်း အခု မနေရဲကြတော့ဘူး” ဟု သထုံမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားနေသည်သလို ဒေသတွင်းရှိ စစ်အာဏာရှင် တပ်ရင်း၊ တပ်စခန်းတို့မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းဂဏန်း ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။







