မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသတွင်း စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်နေသူများက ပြောသည်။
အင်အား ၃၀၀ ကျော်ပါသည့် အဆိုပါ စစ်ကြောင်းများသည် မေလ ပထမအပတ်ကစပြီး ရေးမြို့နယ်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
မေလ ၈ ရက် နံနက်ပိုင်းတွင် နှစ်ကရင်ကျေးရွာနှင့် လိမ္မော်ခြံကျေးရွာကြားတွင် အဆိုပါစစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကျေးရွာများဘက်ကို လှည့်ပတ်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“စစ်ကြောင်းက မထွက်သေးဘူး။ သူတို့က လိုက်ပတ်ပြီး သွားနေတာ။ ရွာဘက်ရောက်လိုက် တောထဲဘက် ဝင်သွားလိုက်နဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုးမှာပဲလေ။ တိုးရင် တိုက်ပွဲကဖြစ်မှာ။ အခြေအနေက တင်းမာနေတယ် ပြောလို့ရတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်” ဟု ဒေသတွင်း စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် အင်အားအများအပြားဖြင့် ရေးမြို့နယ်အတွင်းသို့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် ရေးမြို့နယ်မြောက်ပိုင်းဘက်ရှိ ကျေးရွာများအတွင်းသို့ ဆက်တိုက် စစ်ကြောင်းထိုးနေသည်။
စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။







