ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သထုံတွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး အမျိုးသမီးငယ် ၃ ဦး သေဆုံး

May 11, 2026

ဓာတ်ပုံ - လူမှုကူညီကယ်ဆယ်ရေးအဖွဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာ၊ သထုံ – ဘားအံကားလမ်းတွင် မေလ ၁၀ ရက်နေ့ ညနေက ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးငယ် သုံးဦးစလုံး သေဆုံးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာဘက်သို့ အမျိုးသမီးငယ် သုံးဦး စီးလာသည့် ဆိုင်ကယ်နှင့် ဘားအံဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် Honda Fit ကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

ထိုယာဉ်တိုက်မှုအတွင်း ဆိုင်ကယ်စီးနင်းလာသည့် မိန်းကလေးငယ် သုံးဦးစလုံးသည် လွင့်ထွက်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဆိုသည်။

“တိုက်တာ အရှိန်တော်တော်ပြင်းမယ် ထင်တယ်။ ကလေးတွေက လွင့်ထွက်သွားကြတာ။ သုံးယောက်စလုံး ပွဲချင်းပြီးဖြစ်သွားတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် မိန်းကလေးငယ် သုံးဦးသည် အသက် ၁၉ နှစ်အရွယ်များဖြစ်ကြပြီး သထုံတာယာစက်ရုံဝင်းထဲတွင် နေထိုင်ကြသူများဖြစ်သည်။

ဆိုင်ကယ်နှင့် တိုက်မိမှုဖြစ်ပွားခဲ့သည့် ကားသမားကို ဖမ်းဆီးရမိထားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ကြသည့် မိန်းကလေးငယ် သုံးဦး၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့၏ အကူအညီဖြင့် သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကလည်း သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် ဘုရားဖူး Hijet ယာဉ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး Hijet ယာဉ်ပေါ်ပါ သံဃာတော် ၉ ပါးအပါအဝင် သေဆုံးသူ ၁၃ ဦးအထိ ရှိခဲ့သည်။