ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် စစ်ကြောင်းများ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသသို့ သွားရောက်အင်အားဖြည့်

October 10, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသအတွင်းသို့ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းကစ၍ စစ်အာဏာရှင်တပ်စစ်ကြောင်းများ အင်အားဖြည့် ဝင်ရောက်နေကြောင်း ဒေသခံများထံမှသိရသည်။

အင်းအား ၁၀၀ ကျော်ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း တစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရှိ ၊ပန်းတင်အင်းကျေးရွာ၏ အရှေ့ဘက်မှနေ၍ အထူးစီးပွားရေးဖုန် ဒေသသို့ ရောက်ရှိလာကြောင်း ၎င်းတို့ကပြောသည်။

ထိုစစ်ကြောင်းမှာ အောက်တိုဘာလ ၈ ရက်နေ့တွင်လောင်းလုံးမြို့နယ်၊ ပန်းဇိကျေးရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့၏ ဒရုန်းဗုံးဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် တောရှည်ကျေးရွာရှိ စိုက်ပျိုး‌ ရေးသိပ္ပံကျောင်းတွင် ၂ ရက်ကြာတပ်စွဲကာ ယနေ့နံနက်ပိုင်းတွင် ပန်းတင်အင်းကျေးရွာမှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန် ဘက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့အိမ်ကြိုအိမ်ကြားကလာတယ်၊ သူတို့စစ်ကြောင်းမှာ ဖမ်းလာတဲ့အရပ်သား တွေလည်း တွေ့ရတယ်”ဟု ယင်းအမျိုးသားကပြောသည်။

ယင်းအပြင် အင်းအား ၈၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းမှာလည်း အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၅ နာရီ့ခန့်တွင် ရေဖြူမြို့နယ်၊ရလိုင်ကျေးရွာသို့ မြေတင်ကား ၂ စီးဖြင့်လာရောက်ချထားခဲ့ပြီး အရှေ့ဘက်သို့ ထွက်ခွာသွားခဲ့ကြကြောင်း ဒေသခံများကပြောသည်။

ယင်းစစ်ကြောင်းမှာ ရလိုင်ကျေးရွာသို့ရောက်ရှိချိန်တွင် ဒေသခံအမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်တစ်စီးကို အဓမ္မယူဆောင်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“စစ်ကြောင်းလာလို့ ဆိုင်ကယ်ထွက်ပြေးဖို့ လုပ်နေချိန် သူတို့နဲ့ တွေ့လို့ ဆိုင်ကယ်ယူသွားတာ၊ဆိုင်ကယ်က အိုင်ဖား ၊ဆိုင်ကယ်တူးဘောက်ထဲမှာ ပိုက်ဆံနဲ့ မှတ်ပုံတင်တွေလည်းပါသွားတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။

ယင်းနေ့ ည ၇ နာရီခန့်တွင် ယင်းစစ်ကြောင်းမှာ ရလိုင်ဘက်မှနေ၍ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ၊မူးဒူးကျေးရွာအတွင်းသို့ ရောက်ရှိလာခဲပြီး ညတွင်းချင်း ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းသို့ ထွက်ခွာသွားခဲ့ကြကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

အောက်တို့ဘာလ ၉ ရက်နေ့ကစပြီး စစ်အာဏာရှင်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ် ကြောင်း နှစ်ကြောင်းဖြင့် အင်အားဖြည့်လာခြင်းဖြစ်သည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် နယ်မြေစိုးမိုးမှုရယူရန် တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်နေသလို လေယာဉ်ဖြင့် ဗုံးကြဲမှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။