ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ် ဖမ်းထားသည့် ဒေသခံများ ပြန်မလွတ်သေး

July 10, 2026

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ်က လူသားဒိုင်းသဖွယ် ဖမ်းဆီးထားသည့် ဒေသခံများ တစ်ရက် ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ်ဘက်က ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဇူလိုင်လ ၉ ရက်တွင် ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၇၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် ဇူလိုင်လ ၉ရက် နံနက်ပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန် ဒေသသို့ ဝင်ရောက်လာပြီး လမ်းတစ်လျှောက်တွေ့ရသည့် ခရီးသည်တင်ကား ခြောက်စီးက ယာဉ်မောင်းများနှင့် ခရီးသည် အမျိုးသားအချို့ကို ဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မောင်းခြောက်ဦးနှင့် ခရီးသည်အမျိုးသားအချို့မှာ ယနေ့ ဇူလိုင်လ ၁၀ရက် မွန်းလွဲပိုင်းအထိ စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ခမောင်းချောင်းကျေးရွာတွင် စစ်ကြောင်းနှင့်အတူ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“စစ်တပ် စစ်ကြောင်းက ခမောင်းချောင်း၊ ဝက်ချောင်း လမ်းတစ်လျှောက်ရှိတယ်။ ကားသမားတွေတော့ အခုအထိ ပြန်မလွတ်ကြသေးဘူး။ သူတို့လက်ထဲမှပဲ ရှိသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်အဏာရှင်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်း အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ စစ်ကြောင်းထိုးရန် ပြင်နေကြောင်း ဒေသတွင်းအခြေအနေစောင့်ကြည့်သူတို့က ပြောသည်။

အင်အား ၂၄၀ ခန့်ရှိသည့် စစ်ကြောင်း အခြားတစ်ကြောင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်၏ အရှေ့မြောက်ဘက် ထွက်ပေါက်ဖြစ်သည့် ဥဿာရံကျေးရွာဘက်မှ ၀င်ရောက်လာပြီး ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်တွင် ကညင်အင်း ကျေးရွာရှိ လူနေအိမ်များတွင် တပ်စွဲထားကြောင်း ကညင်အင်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ရွာမှာ အိမ်တွေမှာ တက်နေတယ်။ ရွာမှာက လူကြီးတွေပဲ ရှိတော့တယ်” ဟု ၎င်းက ပြောဆိုသည်။

ကညင်အင်းကျေးရွာအတွင်း ရောက်ရှိတပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည်လည်း ဇူလိုင်လ ၉ ရက် နေ့ ညနေပိုင်းတွင် ဒေသခံ ခရီးသွားအမျိုးသားသုံးဦးကို ဖမ်းဆီးထားပြီး ပြန်လွှတ်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

ယင်းအပြင် ထားဝယ်အထူးစီးပွားရေးဇုန်၏တောင်ဘက် ထွက်ပေါက်ဖြစ်သည့် မူးဒူးကျေးရွာ တွင်လည်း စစ်အာဏာရှင်တပ်စစ်ကြောင်းတစ်ကြောင်း တပ်စွဲ ထားရှိ ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တပ်စွဲထားပြီး ဇုန်ဧရိယာအတွင်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည့် စစ်ကြောင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။