ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် တိုက်ပွဲထပ်ဖြစ်၊ တပ်သား သုံးဦးထွက်ပြေးနေ၍ စစ်အာဏာရှင်စစ်ကြောင်းက လိုက်ရှာနေ

July 10, 2026

စစ်အာဏာရှင်စစ်ကြောင်းသည် ညင်းမော်၊ ဂေါ့အင်းကြားရှိ ကြယ်တောင်မှ လေးသွန်းခံကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာစဉ် ယနေ့ (ဇူလိုင် ၁၀) မွန်းလွဲ ၁ နာရီခန့်တွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော အများကြီးပဲ ပစ်နေကြတာ” ဟု လေးသွန်းခံဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ပြောဆိုသည်။

လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်သား သုံးဦး ထွက်ပြေးသွား၍ စစ်အာဏာရှင်တပ်က လိုက်ရှာနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှသိရသည်။

သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ရင်းမှတပ်သား သုံးဦးမှာ လောင်းလုံးမြို့နယ်တွင် တာဝန်ကျနေစဉ် ထွက်ပြေးသွားသဖြင့် စစ်အာဏာရှင်တပ်စစ်ကြောင်းက လိုက်လံရှာဖွေနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှသိရသည်။

အင်အား ဆယ်ဂဏန်းပါသည့် ယင်းစစ်ကြောင်းမှာ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နှင့် တဆက်တည်းရှိသည့် စမ်းလှမ်းကျေးရွာသို့ ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်း ရွာမှပြန်ထွက်ချိန် စမ်းလှမ်းတောင်ပေါ်အရပ်တွင် တော်လှန်ရေးတပ်တစ်ခုနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး သေနတ်ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနောက် စမ်းလှမ်းတောင်ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာဖြင့် လဲကျနေကြောင်း ကနဦးသိရပြီး နောက်ပိုင်းမှ သေနတ်ထိမှန်လဲကျနေသူမှာ ထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်သားသုံးဦးထဲမှ တစ်ဦးဖြစ်နေသည်ကို သိရကြောင်း ဒေသခံတို့က ဆိုသည်။

“ပစ်ကြခတ်ကြရင်းနဲ့ ပေါင်ကိုထိသွားတာဖြစ်မယ်။ အဲကနေ လောင်းလုံးကို (စစ်အာဏာရှင်တပ်က) ပြန်သယ်လာတာ သွေးထွက်လွန်ပြီး လမ်းမှာပဲ သေသွားတယ်လို့ ပြောသံကြားတယ်။ ကျန်နှစ်ယောက်ကတော့ လွတ်သွားတယ်တဲ့” ဟု ဖြစ်စဉ်ကို သိသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် စစ်အာဏာရှင်တပ်သား နှစ်ဦးနှင့် ပတ်သက်သည့် အခြေအနေကိုမူ မသိရှိရသေးပေ။

ဇူလိုင်လ ၉ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်က လောင်းလုံးမြို့မှ ညင်းမော်ကျေးရွာဖက်သို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာခဲ့သဖြင့် ညင်းမော်၊ ဂေါ့အင်း ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယနေ့တိုက်ပွဲကြောင့် လေးသွန်းခံ၊ စစ်ပြဲ စသည့်ကျေးရွာတို့မှ ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင် နေကြရသည်။