ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချွန်ဘူရီတွင် မြန်မာပွဲစားခြောက်ဦး ဖမ်းဆီးခံရ

July 9, 2026

ပုံစာ - ဇူလိုင်လ ၈ ရက်က ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဝန်ဆောင်မှုရုံးကို အာဏာပိုင်များ ဝင်စစ်ဆေးစဉ်။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အလုပ်အကိုင်ရှာဖွေပေးနေသူများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဝန်ဆောင်မှုပေး နေသည့် မြန်မာနိုင်ငံသားပွဲစားခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ချွန်ဘူရီမြို့ ဘန်းဘူးဒေသက မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ်ဆိုင်ရာ စာရွက်စာတမ်းများကို ဝန်ဆောင်မှုပေးနေသော ရုံးအား အလုပ်သမားရုံး တာဝန်ရှိသူများက ဇူလိုင်လ ၈ ရက်တွင် ဝင်ရောက် စစ်ဆေးခဲ့သည်။

ရုံးထဲတွင် ရွှေ့ပြောင်းအလုပ်သမားအတွက် အလုပ်လုပ်ခွင့်လက်မှတ်အပါအဝင် အလုပ်သမားဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝန်ဆောင်မှုပေးသော အကျိုးဆောင်ပွဲစားနှင့် စာရေးအလုပ်များသည် ထိုင်းနိုင်ငံသား များသာ လုပ်ပိုင်ခွင့်ရှိပြီး မြန်မာအပါအဝင် အခြားနိုင်ငံသားများ လုပ်ပိုင်ခွင့် မရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံသား ပွဲစားလေးဦးကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ခလောင်ကီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါလေးဦးအနက် တစ်ဦးမှာ အွန်လိုင်းပေါ်တွင် Live လွှင့်၍ အလုပ်အကိုင်များနှင့် ပက်သက်၍ ကြေညာနေသည်ကိုလည်း စစ်ဆေးတွေ့ရကြောင်း‌ ဖော်ပြသည်။

ရုံးခန်းအတွက် အသုံးပြုသော ကားတစ်စီး၊ ကွန်ပျူတာ သုံးလုံးနှင့် Live လွှင်စဉ် အသုံးပြုသော မီးများကိုပါ သက်သေ အနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

ယင်းနေ့တွင်ပင် ချွန်ဘူရီမြို့ အလုပ်လုပ်ခွင့်လက်မှတ် ကတ်ပြားထုတ်ပေးရေးစင်တာတွင် မြန်မာအလုပ်သမားများကို ဝန်ဆောင်မှုပေးနေသော မြန်မာပွဲစားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

၎င်းတို့နှစ်ဦးသည် မြန်မာအလုပ်သမား ၁၄ ဦးကို အလုပ်လုပ်ခွင့်လက်မှတ် ကတ်ပြားထုတ်ယူပေးရန် တစ်ဦးလျှင် ဘတ် ၅၀၀ နှုန်းဖြင့် ဝန်ဆောင်မှုပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးကိုလည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြသည်။

လက်ရှိတွင် ချွန်ဘူရီခရိုင်အတွင်း စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများထဲ စစ်ဆေးဖမ်းဆီးမှု ပိုများနေသလို မြန်မာအကျိုးဆောင်ပွဲစားများကိုလည်း ခြေရာခံ၍ ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ရှိလာသည်။

Ref: Khaosod, Tnews