ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး

July 9, 2026

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ်အာဏာရှင်တပ်က စစ်အင်အား ၇၀၀ ခန့်ဖြင့် ယနေ့ (ဇူလိုင် ၉) စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီခွဲခန့်က ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှ ဒေသခံများ စီးနင်းလိုက်ပါလာသော ခရီးသည်တင်ကား ၆ စီးကို ဝက်ချောင်းကျေးရွာအနီးတွင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက်အမျိုးသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ခမောင်းချောင်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများကဆိုသည်။

“ကားတွေကို ဝက်ချောင်းရွာနားမှာ ထားခဲ့တယ်။ ခရီးသည်အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးပြီး ကားသမားနဲ့ ခရီးသည်အမျိုးသားတွေကိုတော့ စစ်ကြောင်းထိုးရာမှာ တစ်လျှောက်လုံး ဖမ်းခေါ်သွားနေတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းမှာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ခမောင်းချောင်းကျေးရွာအတွင်း ရောက်ရှိနေပြီး ကျေးရွာဘောလုံးကွင်းအနီး၌ ယာယီတပ်စွဲထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်အာဏာရှင်တပ်မှာ ကား ၇ စီးဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာပြီး ဇူလိုင်လ ပထမပတ်အတွင်း ထားဝယ်မြို့ဘက်မှ ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ နှင့် ၄၀၇ တပ်ရင်းများသို့ အင်အားဖြည့် ရောက်ရှိနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက တနင်္သာရီတိုင်း ခရီးစဉ်အတွင်း စစ်အာဏာရှင်တပ်၏ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေ လုံခြုံရေးအတွက် နယ်မြေရှင်းလင်းမည်ဟု ပြောကြားခဲ့သည်။

ယင်းနောက် နှစ်ပတ်အတွင်း စစ်အာဏာရှင်တပ်မှာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယခုစစ်ကြောင်း ရောက်ရှိနေသည့် ကျေးရွာများမှာ မြန်မာစစ်အစိုးရနှင့် ရုရှားတို့ ပူးပေါင်းအကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းတွင် တည်ရှိသည်။

ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိစသည့် ကျေးရွာများမှ ဒေသခံများမှာ ယနေ့ ထွက်ပြေးတိမ်းရှောင်နေရပြီး နဘုလယ်ဒေသရှိ ကျေးရွာများနှင့် အထူးစီးပွားရေးဇုန်အတွင်းရှိ အခြားကျေးရွာမှ ဒေသခံများမှာ အခြေအနေကို စောင့်ကြည့်နေထိုင်နေကြကြောင်း သိရသည်။

ယင်းအပြင် ထားဝယ်အထူးစီးပွားရေးဇုန်၏ တောင်ဘက်ထွက်ပေါက်ဖြစ်သည့် မူးဒူးကျေးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းနှင့် အရှေ့မြောက်ဘက်ထွက်ပေါက်ဖြစ်သည့်ဥဿာရံကျေးရွာဘက်တွင်လည်း စစ်ကြောင်းတစ်ကြောင်း နေရာယူထားသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ဦးတည်လှုပ်ရှားနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း သုံးကြောင်းရှိပြီး အင်အား တစ်ထောင်နီးပါး ရှိနိုင်ဟုဆိုသည်။