တရုတ်တပ်များ ကျူးကျော်လာပါက တိုက်ခိုက်ချေမှုန်းမည့် ပုံစံတူကမ်းရိုးတန်းစစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်စစ်တပ်က ယနေ့ ဇွန်လ ၉ ရက်တွင် လုပ်ဆောင်သည်။
စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်တပ်ဖွဲ့ဝင်များက ဒုံးကျည်များ၊ အမြောက်ကြီးများ ပစ်ခတ်ကာ ကုန်းရေ နှစ်ထွေ စစ်ဆင်ရေးပုံစံဖြင့် ကျူးကျော်ဝင်ရောက်လာမည့် တရုတ်တပ်ဖွဲ့များကို ချေမှုန်းသည့်ပုံစံတူ လေ့ကျင့်ခဲ့သည်။
ယင်းမှာ ပြင်ဆင်ချိန်ပိုနည်းပါးပြီး လက်တွေ့နှင့် ပိုနီးစပ်သည့် တိုက်ပွဲအခင်းအကျင်းမျိုး ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်က ဖော်ပြသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အလယ်ပိုင်း တိုင်ချောင်းမြို့ပတ်ပတ်လည်ရှိ ၁၂ မိုင်ရှည်လျားသော ကမ်းရိုးတန်း တစ်လျှောက်ရှိ နေရာရှစ်ခုတွင် တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့သည်။
ထိုင်ဝမ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများသည် ကြိုတင်သတ်မှတ်ထားသော ပုံသေနည်းဗျူဟာ လှုပ်ရှားမှုများ မဟုတ်ဘဲ အမှန်တကယ် ဖြစ်လာနိုင်သည့် တိုက်ပွဲအခြေအနေအပေါ်မူတည်ကာ လေ့ကျင့်ခြင်းဖြစ်ကြောင်း ထိုင်ဝမ်အမြောက်တပ်မှူးတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကို တရုတ်က ၎င်းတို့ ပိုင်နက်အဖြစ် ရှုမြင်ထားပြီး အင်အားသုံး သိမ်းပိုက်ရန်နည်းလမ်းကို မချန်လှပ်ထားပေ။
တရုတ်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများသည်လည်း ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် နေ့စဉ်နီးပါး လှုပ်ရှားလျက်ရှိသည်။
ထိုင်ဝမ်ရေလက်ကြားကို ဖြတ်၍ တရုတ်နိုင်ငံနှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်လျက်ရှိသော ထိုင်ဝမ် အနောက်ဘက် ကမ်းရိုးတန်းရှိ ကမ်းခြေများနှင့် ရွှံ့နွံထူထပ်သော လွင်ပြင်များသည် ကျူးကျော်မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက တရုတ်စစ်တပ်က ကမ်းတက်တိုက်ခိုက်ရန် ကြိုးပမ်းနိုင်ခြေ အရှိဆုံးနေရာများအဖြစ် ရှုမြင်ခံထားရသည်။
ထိုင်ဝမ်က ၎င်း၏ စစ်တပ်ကို ပိုမိုခေတ်မီလာစေရန် ဆောင်ရွက်လျက်ရှိပြီး လက်နက်အသစ်များနှင့် ပိုမိုရွေ့လျားရ လွယ်ကူသည့် လက်နက်များ ဖြည့်တင်းပေးလျက် ရှိသည်။
ထိုင်ဝမ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများကိုလည်း ကြိုတင်ခန့်မှန်းရ ပိုခက်ခဲပြီး စစ်သားများ အမှန်တကယ်တိုက်ပွဲတွင် ရင်ဆိုင်ရမည့် အခင်းအကျင်းမျိုးနှင့် ပိုမိုတူညီစေရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။
Source: Reuters
ဓာတ်ပုံ – Taiwan simulates destroying an invading Chinese force in coastal drill | Reuters







