စစ်ကြောရေးမှအပြန် အပိုင်း(၂)
တုံ … တုံ … တုံ … တုံ
တုံ … တုံ … တုံ … တုံ
ကြမ်းခင်းသမံတလင်းပေါ်ကို သံပိုက်ချောင်းရဲ့ ထိပ်ဖျားနဲ့ တစ်ချက်ချင်းခေါက်ရာက ထွက်ပေါ်လာနေတဲ့ “တတုံတုံ” အသံ။
နှစ်စက္ကန့်ခြားလောက်တစ်ခါ စည်းချက်ကျကျ။
အဲဒီရှည်လျားလှတဲ့ ည၊ မှောင်လွန်းလှတဲ့ ညရဲ့ သန်းခေါင်မရှိတရှိအချိန်ရောက်မှ ပါးကွက်သားရဲ့ လက်သုံးတော်ဟာ ရိုးရိုးသံပိုက်လုံးတစ်ချောင်း မဟုတ်ဘဲ ဘေ့စ်ဘောရိုက်တံတစ်ခုဖြစ်တယ်ဆိုတာကို သတိထားမိတယ်။
တော်ရုံပန်းသီးခပ်ကြီးကြီးတစ်လုံး အရွယ်လောက်ရှိတဲ့ ဘေ့စ်ဘောလုံးကို လူတစ်ယောက် မတ်တပ်ရပ်အနေအထားကနေ အားကုန်လွှဲပြီးရိုက်ဖို့အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတဲ့ သုံးပေသာသာ အခေါင်းပွ သံတုတ်ချောင်း။
အရင်းမှာ လက်တစ်ဆုပ်စာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ထားနိုင်အောင် ရှူးနေပြီး အဖျားဘက်ကို တဖြည်းဖြည်း ထိပ်ဝကျယ်သွားတဲ့ ပါးကွက်သားရဲ့လက်သုံးတော်။
ငါးရံ့ခေါင်းဟင်းနဲ့ နပန်းလုံးနေတုန်းကကြားခဲ့ရတဲ့ သံချောင်းခေါက်သံတွေအစား နားထဲမှာ ပါးကွက်သားရဲ့ သေမင်းတမန်နဲ့ သမံတလင်းထိလို့ထွက်ပေါ်လာတဲ့ တတုံတုံ အသံကသာ မင်းမူနေတယ်။
ဒီမင်းမူမှုဟာ အဲဒီတိတ်ဆိတ်လှတဲ့ ညရဲ့ ညဦးကြက်တွန်ချိန်ကနေ လင်းအားကြီး အာရုဏ်တက်အထိ တစ်ညတာ အချိန်လေးအတွင်းသာမဟုတ်ဘဲ အခု ဒီစာကိုရေးနေတဲ့အချိန်အထိ ဦးနှောက်ထဲမှာ စွဲငြိနေလိမ့်မယ်လို့ အဲဒီညက မတွေးခဲ့မိသည်မှာ အမှန်ပါ။
နောက်ကျောဘက် ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာနေတဲ့ ပါးကွက်သားရဲ့ သေမင်းခေါ်သံဟာ ရုတ်တရက်ကြီး တိတ်သွားပြန်တယ်။ နောက်တော့ ရှေ့ကို ခြေတစ်လှမ်းတိုးလာတဲ့ ကတ္တီပါဖိနပ်နဲ့ သမံတလင်းရှပ်တိုက်သံ တရှပ်ရှပ်။ ပြီးတော့ တိတ်ဆိတ်မှုဟာ တစ်ဖန်ကြီးစိုးနေပြန်တယ်။
စက္ကန့်တွေဟာ ဘယ်လောက်ကြာသွားပြီလဲ မရေတွက်မိ၊ မိနစ်ပိုင်းများကြာသွားလေသလား။ နောက်တော့ နားထဲကို လေတိုးသံ သဲ့သဲ့ကလေးဝင်လာတယ်။ တစ်စုံတစ်ရာကို အားနဲ့လွှဲပြီးလေထုထဲကို မြှောက်တင်လိုက်တဲ့ “ဝှီး” ဆိုတဲ့အသံ။
ပြီးတော့ အဲဒီတစ်စုံတစ်ရာဟာ လေကိုခွင်းပြီး အောက်ကို အရှိန်နဲ့ ပြန်ပြုတ်ကျလာကာ “ဘုန်း” ကနဲဆိုပြီး ကျွန်တော့်ကျောပြင်ကို လာထိတဲ့အသံ။
နောက်ထပ် လေထဲကို ပြန်လည်ထိုးခွင်းတက်သွားတဲ့ ဘေ့စ်ဘောရိုက်တံနဲ့ လေထုထိသံ “ဝှီး” ခနဲ။ ကျောပြင်ကို သံပိုက်ချောင်းလာထိသံ “ဘုန်း” ကနဲ။
“ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း” အချိန်တွေဘယ်လောက်ကြာသွားမှန်းသတိမထားမိ။ ၁၀ မိနစ်လား၊ မိနစ် ၃၀ လား မသဲကွဲ၊ မမှတ်နိုင်အား။
အဆုတ်ဟာ ပေါက်ထွက်သွားပြီလား၊ ငါ အသက်ရှူနေသေးတာလား။ ငါ နာကျင်နေသလား။ မသိ၊ မသိ။ ဘာမှမသိ။
“တုံ” ခနဲအသံတစ်ချက်ထပ်မြည်ပြီး ကျောပြင်ပေါ် အဆက်မပြတ်ကျနေတဲ့ ဘေ့စ်ဘောတုတ်ဟာ သူ့မိတ်ဆွေသမံတလင်းပေါ်မှာ ခေတ္တပြန်အနားယူနေပြန်တယ်။
ပါးကွက်သားဟာ ကျောဘက်ခြေတစ်လှမ်းအကွာမှာရပ်နေရာကနေ ကျွန်တော့်ဘယ်ဘက်မှာ ကပ်လျက်သား မုဆိုးဒူးထောက်ထိုင်ချတယ်။
သူ့ခါးမှာလွယ်ထားတဲ့ ဇစ်တွေအများကြီးပါတဲ့ ခါးပတ်အိတ်ထဲကနေ စီးကရက်တစ်လိပ်ကို တဖြည်းဖြည်းထုတ်ယူတယ်။ အစိမ်းရောင်ဂတ်စ်မီးခြစ်ကို ပြန်သိမ်းလိုက်တဲ့အချိန်မှာ ဆေးလိပ်မီးခိုးနံ့တွေထောင်းခနဲထလာတယ်။
စီးကရက်ကို နောက်ထပ် နှစ်ဖွာလောက်ရှိုက်ပြီးချိန်မှာတော့ သူ့ခေါင်းဟာ ကျွန်တော့်လည်ပင်းနားကို တဖြည်းဖြည်းကပ်လာတယ်။
အပေါစားရေမွှေးနံ့ရယ်၊ ချည်စုတ်စုတ်ခပ်စူးစူးအနံ့တွေရယ် နှာခေါင်းထဲ စုပြုံတိုးဝင်လာကြတယ်။ ပါးကွက်သားဟာ သူ့ပါးစပ်ကို ဟရုံကလေး ဟပြီး တိုးတိုးနဲ့ ပြတ်ပြတ် ပြောတယ်။
သူ့ပါးစပ်သာ ကျွန်တော့်နား အနား တစ်လက်မလောက်အကွာမှာသာ ကပ်မနေရင် သူပြောတာကြားရဖို့မလွယ်။ ဒါပေမဲ့ အရာရာ တိတ်ဆိတ်လွန်းနေတဲ့ ညမှာ သူ့အသံကို ကျွန်တော်ကောင်းကောင်းကြားခဲ့ရပါတယ်။
“မင်းကိုသေအောင်သတ်မှာ၊ မေးတာကို မှန်အောင်ပြော” တကယ်တော့ ရှပ်လက်ရှည်အဖြူကလေးနဲ့ ပလေကပ်ပုဆိုးဝတ်ပြီး ဖျင်လွယ်အိတ်တစ်လုံးသာ လွယ်လိုက်ရင် မြန်မာကဗျာဆရာတစ်ယောက်နဲ့ ချွတ်စွပ်တူနေမယ့် အဲဒီအသားခပ်ဝါဝါ ပိန်ကိုင်းကိုင်း ပါးကွက်သားဟာ ကျွန်တော့်ကို ဘာမေးခွန်းမှ မမေးခဲ့။
စစ်ကြောရေးတစ်လျှောက်လုံး သူလုပ်ခဲ့တဲ့ တစ်ခုတည်းသောအလုပ်က ကျွန်တော့်ကျောပြင်ကို ဗျောတင်တဲ့အလုပ်တစ်ခုပဲ။ တစ်ကြိမ်တစ်ကြိမ် ကျပြန်တော့ စီးကရက်တွေတစ်လိပ်ပြီးတစ်လိပ် မီးကူးဖွာနေရင်းက စကားတွေအမျှင်မပြတ် ပြောနေတတ်သေးတယ်။ တစ်ကိုယ်တည်း ရေရွတ်နေတာမျိုး။
“ငါပြောတာဟုတ်တယ်မို့လား” ဆိုပြီး သူ့စကားကို ထောက်ခံခိုင်းတာမျိုး။
သူပြောတဲ့အကြောင်းအရာအများစုက လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း ကျော်တဲ့ခွတဲ့ အကြောင်းတွေ၊ အလုပ်ပင်ပန်းတဲ့အကြောင်းတွေနဲ့ အလုပ်မရှိအကိုင်မရှိ၊ ကျွန်တော်တို့လိုစာမတတ် ပေမတတ် သူများမြှောက်ပေးတိုင်း လမ်းပေါ်ထွက်တဲ့ကောင်တွေကြောင့် သူတို့ အေးဆေးမနေရဘဲ စောက်လုပ်တွေရှုပ်နေရတယ် ဆိုတဲ့အကြောင်းမျိုးတွေပါ။
ပြီးရင်တော့လာပါပြီထုံးစံအတိုင်း ညချမ်းချိန်ခါ သံစဉ်သာ။
“ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”
အစပိုင်းအချိန်တွေမှာ အထာမနပ်သေးတော့ သူ့သေမင်းတမန်ကို မြှောက်လိုက်ပြီဆိုတာသိတာနဲ့ ခါးညောင်းတာသက်သာအောင် ပေါင်နှစ်လုံးကြားက သမံတလင်းပေါ်မှာ ထောက်ထားတဲ့ လက်ထိတ်တန်းလန်းနဲ့လက်နှစ်ဖက်ကို တင်းနေအောင်ထောက်ထားပြီး ကြံ့ကြံ့ခံထားဖို့ ကြိုးပမ်းနေခဲ့သေးတယ်။
တွေးတာက လက်ဝါးနှစ်ဖက်ကို သမံတလင်းမှာ ကပ်နေအောင်ထောက်ထားလိုက်ရင် ပခုံးနှစ်ဖက်က တင်းပြီး ကျောပေါ်ကျလာတဲ့ရိုက်ချက်တွေကိုတွန်းကန်ထားနိုင်မယ်ထင်ခဲ့မိတာပါ။
ထိပ်တုံးထဲရောက်နေတဲ့ ခြေထောက်နှစ်ဖက်ကတော့ အားမကိုးသာ။ ခြေကျင်းဝတ်နှစ်ဖက်ဟာ စပြီးယောင်ကိုင်းလာနေပြီ။ ဒါပေမဲ့ညနက်လာတာနဲ့အမျှ မုဆိုးစိုင်သင် ဆိုသလို ဒါဟာ ဗျူဟာအမှားကြီးမှန်း တဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်။
လက်နှစ်ဖက်ကိုထောက်ပြီးတင်းထားလေ ပိုနာကျင်လေဖြစ်လာတယ်။ အသက်ကောင်းကောင်း မရှူနိုင်တော့။
ကဗျာဆရာက ညာသန်။ ကျွန်တော့်ဘယ်ဘက်ပုခုံးနောက်နားကနေ ခြေစုံရပ်ပြီး ဆော်ပလော်တီးနေတော့ ဘေ့စ်ဘောတံရဲ့ကြီးနေတဲ့အဖျားပိုင်းတစ်ခုလုံးဟာ ကျွန်တော့်ညာဘက်လက်ပြင်ကို အားနဲ့အင်နဲ့ အရှိန်ပြင်းပြင်း ဝင်ဝင်ဆောင့်နေတယ်။
အဲဒီရိုက်ချက်တွေဟာ နောင်တစ်ချိန်မှာ ကျွန်တော့်ညာဘက်လက်ပြင်အတွင်းပိုင်းမှာ အချိန်တိုင်းနီးပါးကိုက်ခဲနေစေပြီး၊ ညာလက်ရဲ့လက်ညှိုးနဲ့ လက်သူကြွယ် နှစ်ချောင်းကို သွားတဲ့အကြောတွေကို အတွင်းဒဏ်ရသွားစေကာ၊ အဲဒီလက်ချောင်းကလေးနှစ်ချောင်းကို အမြဲတမ်း ထုံကျင်နေစေလိမ့်မယ်ဆိုတာကို မသိခဲ့ပေ။
ညတဖြည်းဖြည်းနက်လာလေလေ ပါးကွက်သားရဲ့ အားနဲ့အထာကို ဆဝါးမိလာလေလေဖြစ်လာတော့ သူ့သေမင်းတမန်လေထဲက ပြန်ဆင်းလာပြီဆိုတာကိုသိတာနဲ့ လက်နှစ်ဖက်ကို အရင်လို တင်းမထားတော့ဘဲ ခန္ဓာကိုယ်ကို ရှေ့ဘက်ကို အသာကလေးယို့ပေးလိုက်တယ်။
ဒီလိုနည်းနဲ့ လက်ပန်းကျလုနီးပါးဖြစ်နေတဲ့ ပါးကွက်သားရဲ့ စွမ်းအင်နဲ့ ကျွန်တော့်ရဲ့ဗျူဟာတို့ ညလုံးပေါက် အားပြိုင်ကခုန်ကြလေသတည်းပေါ့။
ပါးကွက်သားရဲ့ သိုင်းကျမ်းတွေကို စည်းချက်ကျကျနားထောင်ပြီးရင်တော့ မေးလိုရာမေး၊ ရေးလိုရာရေး ကဏ္ဍလာပါပြီ။ ဘာဖြေဖြေရေးလိုရာရေးတာပါ။
အဲဒီ အမေးအဖြေကဏ္ဍတစ်ခုလုံးဟာ နောင်တစ်ချိန်မှာ ပြုလုပ်မယ့် “အထူးတရားစီရင်ကာ ထောင်မကျ ကျအောင်ချရေး မဟာစီမံကိန်းကြီး” ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို ရေးရေးလေးတော့ သတိထားမိခဲ့ပါရဲ့။
ဒီအင်တာဗျူးဆက်ရှင်ကို အဓိကတာဝန်ယူသူနဲ့ “သူနိုင်ကိုယ်နိုင် ဉာဏ်ပြိုင်ပွဲ” ကို နောင်ရေးမယ့်စာတွေမှာ ဖောက်သည်ချပါဦးမယ်။
ဒီလိုနဲ့ကဗျာဆရာပါးကွက်သားတစ်လှည့်၊ မာယာများတဲ့အင်တာဗျူးသမားတစ်လှည့်နဲ့ ချီတက်လာနေရင်း တစ်ချီမှာတော့ ကျွန်တော့်ဘေးကပ်လျက်က ကျွန်တော့်မိတ်ဆွေထားတဲ့အခန်းထဲက အသံဗလံတွေ ကြားလာရတယ်။
အခန်းထဲ ထည့်လိုက်ကတည်းက ကျွန်တော့်မိတ်ဆွေကို ရိုက်တာနှက်တာ လုပ်သံမကြားရ။ ဒါကလည်း ကျွန်တော်နဲ့ပါးကွက်သားကြားက အခြားသောအားပြိုင်ပွဲတစ်ခုရဲ့ရလဒ်ပါ။ နောက်မှရှင်းပြပါဦးမယ်။
အခြေအနေကို သုံးသပ်မိချိန်မှာ တစ်ဖက်ခန်းကို လူသစ်တစ်ယောက် ထည့်လိုက်တယ်ဆိုတာ သိလိုက်ပြီ။
ကျွန်တော့်မိတ်ဆွေကို အဲဒီအခန်းထဲက ထုတ်လာကြပြီး အခန်းရှေ့လူသွားစင်္ကြံက ခုံတန်းရှည်တစ်ခုမှာ ထိုင်ခိုင်းနေတာကို မီးရောင်ခပ်မှိန်မှိန်မှာ မြင်နေရတယ်။
အဲဒီနောက်မှာတော့ နားမခံသာနိုင်လောက်အောင်အဆက်မပြတ်ကြားရတဲ့ “တရွှီရွှီ” အသံနဲ့ လူသစ်ရဲ့ ညည်းငြူသံ။
နောင် ထောင်ထဲရောက်ချိန် အဲဒီညကစစ်ကြောရေးကိုရောက်လာတဲ့ လူသစ်နဲ့ စကားစပ်မိရင်း သူပြောတာက သူ့ခေါင်းကိုကတ္တီပါအိတ်တစ်လုံးနဲ့စွပ်ထားတာ။ ပြီးမှ အပြင်ကာဗာတွေ ချွတ်ထားတဲ့ကြေးမီးကြိုး သုံးပင်ကိုပူးချည်ပြီး မျက်နှာနဲ့ခေါင်းအနှံ့ ရိုက်တာတဲ့။
တကယ်တော့ စစ်ကြောရေးမှာ ကျွန်တော့်ကဗျာဆရာပါးကွက်သားက ကျွန်တော့်ကိုဆော်တယ်ဆိုတာ တခြားသူတွေရဲ့ ဇာတ်လမ်းတွေနဲ့ယှဉ်လိုက်ရင် အကင်းပဲရှိတယ်ဆိုတာ နောင်မှာသိလာရပါတယ်။
ခေါင်းရဲ့ငယ်ထိပ်နေရာကို သံတုတ်နဲ့ရက်ပေါင်းများစွာ အရိုက်ခံထားရလို့ ဦးရေပြားတစ်ခုလုံး ပြောင်တလင်းခါသွားတဲ့သူထက် ကျွန်တော်က ပိုနာမှာလား။
ခြေထောက်နှစ်ချောင်းကို ခြေမျက်စိကနေပူးချည်၊ ထုပ်တန်းမှာခေါင်းကိုအောက်စိုက်ဆွဲထားပြီး ညလုံးပေါက် ဇောက်ထိုးအထားခံရတဲ့သူထက် ကျွန်တော့် အနာက ကြောက်စရာကောင်းဦးမှာလား။
လက်တွေ ခြေထောက်တွေကိုသွပ်နန်းကြိုးတွေနဲ့ချည်၊ မျက်လုံးကိုမှိတ်ခိုင်းထားပြီး မျက်ခွံအပေါ်ကနေ သားရေပင်နဲ့အဆက်မပြတ် ကပ်ပြီးပစ်လို့ မျက်လုံးတစ်ဖက်ပျက်သွားတဲ့သူရဲ့ရှေ့မှာ ကျွန်တော့်အနာကို ထုတ်ပြရမှာလား။
ကိုယ်လုံးတီးချွတ်ခိုင်းပြီး ဆီးခုံမွှေးတွေအကုန်ပြောင်သွားတဲ့အထိမီးရှို့၊ ပြီးမှလိင်တံတစ်ခုလုံးရဲ့ အရေပြား ပတ်ပတ်လည်ကိုဆေးလိပ်မီးနဲ့ တစ်ပေါက်ချင်း တစ်ပေါက်ချင်း စိမ်ပြေနပြေ အထိုးခံရလိုက်လို့ သေရာပါအရှက်တရားရခဲ့သူရဲ့ရှေ့မှာ ကျွန်တော့်ဇာတ်ကြောင်းကို အထုပ်ဖြေပြနေရဦးမှာလား။
တူညီတဲ့အချက်ကတော့ ကျွန်တော်တို့အားလုံးဟာ ပါးကွက်သားတွေနဲ့ကစားခဲ့ကြတယ်ဆိုတာပဲ။ သူတို့ရဲ့ စည်းချက်မှာ နာကျင်မှုကိုမေ့ဖျောက်ထားပြီး ဉာဏ်ပညာနဲ့ကခုန်ခဲ့ကြတယ်ဆိုတာပဲ။
ဇာတ
ငါးရံ့ဟင်းတစ်ခွက်၏ဒိုင်ယာရီ (အပိုင်း ၁)
ဆက်လက်ဖော်ပြပါမည် –







