ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငါးရံ့ဟင်းတစ်ခွက်၏ဒိုင်ယာရီ

May 30, 2026

စစ်ကြောရေးမှအပြန် အပိုင်း (၁)

“ထိုင်ချ” ဆိုတဲ့အသံနဲ့အတူ ပုခုံးနှစ်ဖက်ကို တစ်ဖက်တစ်ချက်က ဖိချတာကိုခံလိုက်ရတယ်။ ဂျင်းဘောင်းဘီရှည်၀တ်ထားပေမယ့် ခပ်ကြမ်းကြမ်းသံမံတလင်းပေါ်မှာ ထိုင်လိုက်ရမှန်း သတိထားမိနေတယ်။

“ခြေထောက်တွေဆန့်” ဆိုတဲ့အသံနဲ့အတူ ဘယ်ဘက် ညာဘက် ခြေချင်း၀တ်နှစ်ခုစလုံးကို ဆွဲယူတာခံလိုက်ရတယ်။ “တုံး” ခနဲအသံတစ်ခုအဆုံးမှာ ခြေထောက်နှစ်ဖက်စလုံး ထိပ်တုံးထဲ ရောက်နေပြီဆိုတာကို အာရုံမှာသိနေပြီ။ မဆီမဆိုင်ကာတွန်းဆွေမင်း(ဓနုဖြူ) ရဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းထဲက သူကြီးဘစီရဲ့ထိပ်တုံးကြီးကို မြင်ယောင်မိလာသေးတယ်။

“မျက်နှာဖုံးကိုချွတ်ပေးလိုက်”

သတ္တုသံစွက်နေတဲ့အမိန့်ပေးသံတစ်ခုအဆုံးမှာ နှာခေါင်းစည်း နှစ်ခုကိုထပ်၊ မျက်လုံးနှစ်လုံးကိုကွယ်ပြီး နားရွက်ဖျားတွေမှာချိတ်ထားတဲ့ လက်ဖြစ်မျက်နှာဖုံးကို တယောက်ယောက်က ဖြုတ်ပေးလိုက်တယ်။ လက်နှစ်ဖက်ကိုနောက်ပြန်ပစ်ခိုင်းပြီး လက်ထိတ်လိုခတ်ထားတဲ့ ဒစ်ပါတဲ့ရာဘာကွင်း လျှောကြိုးကို နောက်ဘက်ကတစ်ယောက်ယောက်က တစ်စုံတစ်ခု (ပလာယာထင်ပါတယ်) နဲ့ ညှပ်ဖြတ်လိုက်ပြီးတာနဲ့ သူ့ခါးမှာချိတ်ထားတဲ့လက်ထိတ်နဲ့ပြောင်းခတ်လိုက်တယ်။

မိနစ်ပိုင်းလေးအတွင်းမှာပဲ အခြေအနေကို သဘောပေါက်လိုက်ပါပြီ။ စစ်ကြောရေး။

ငါ စစ်ကြောရေး ရောက်နေပြီဆိုပြီး ပထမဆုံးအကြိမ်သတိ၀င်လာပါတယ်။ ကြမ်းခင်းသံမံတလင်းတွေက ဟိုတစ်ကွက် ဒီတစ်ကွက် အပေါက်အပေါက်ထ၊ ခါးစောင်းလောက်ကာထားတဲ့ အုတ်နံရံဟာ ဆေးသားမဲ့ မွဲခြောက်ခြောက်။ အုတ်နံရံနဲ့ အမိုးစွန်းကြားထောင်ပြီးကာထားတဲ့ လေးနှစ်သစ်သားပြားတွေဟာ တချို့နေရာတွေမှာ အကျိုးအပေါက်။ မျက်နှာကျက်မရှိလို့ သွပ်အမိုးခပ်မွဲမွဲကို ခပ်မှိန်မှန် လေးပေမီးချောင်းအရောင်နဲ့မြင်နိုင်တယ်။ အပြင်ကို မမြင်ရပေမယ့် အလင်းရောင် ကောင်းကောင်း မပျောက်တတ်သေး။ ရှိလှ ညနေ ၆ နာရီပေါ့။

အာရုံကိုပြန်စုပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အစီအစဉ်တကျပြန်မှတ်မိဖို့ကြိုးစားတယ်။ နာရီပိုင်း လောက်သာရှိသေးပေမယ့် အဖြစ်အပျက်တွေဟာ နေ့ပေါင်းများစွာကြာသွားပြီလို့ စိတ်မှာထင်နေတယ်။

“ဖျောင်း” ခနဲအသံနဲ့အတူကျိုးသွားတဲ့ လေးနှစ်သားအပိုင်းအစတစ်ခု၊ ဖြာခနဲကျလာတဲ့ ကျွန်တော့်မိတ်ဆွေရဲ့ မျက်နှာပေါ်က သွေးစက်တွေ။ သူ့ကို ကင်းတဲလိုနေရာမျိုးလေးနောက်ကို ဆွဲခေါ်သွားကြပြီး အဲဒီမျက်ကွယ်နေရာကနေထွက်ပေါ်လာနေတဲ့ လက်သီးထိုးချက်အသံတွေ။

နောက်တော့ ကျွန်တော့်ဒူးခေါင်းနှစ်ခုအပေါ်ကို အကြိမ်ကြိမ်ထိုးဆွနေတဲ့ နာမည်မခေါ်တတ်တဲ့ ပြောင်းရှည်သေနတ်တစ်လက်ရဲ့ပြောင်း၀၊ ပစ္စတိုမဂ္ဂဇင်းထဲကို ထိုသွင်းလိုက်တဲ့သေမင်းတမန်တွေ၊ နားထင်ကိုခပ်ကြမ်းကြမ်း ထောက်လာတဲ့ပစ္စတိုပြောင်း၀၊ ရင်ညွှန့်ကို ခပ်ပြင်းပြင်း၀င်၀င်လာဆောင့်တဲ့ သေနတ်ဒင်သံခပ်စိပ်စိပ်။

“မင်းကိုအချိန်မရွေးပစ်သတ်လိုက်လို့ရတယ်ဆိုတာနားလည်လားကွ၊ ငါလိုးမသား” ဆိုတဲ့အသံနဲ့အတူ ဘယ်ဘက်ပါးပေါ်ခပ်ကြမ်းကြမ်းကျလာတဲ့လက်၀ါးရိုက်ချက်တွေက အဖမ်းခံလိုက်ရပြီဆိုတဲ့ အမှန်တရားရဲ့ သတိပေးချက်။

ဒါတွေအားလုံးလွန်ခဲ့တဲ့ နှစ်နာရီကျော်ကျော်အတွင်း စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တာတွေပါလို့ ပြန်ဆင်ခြင်မိဖို့ကို နာရီ၀က်လောက်အချိန်ယူလိုက်ရတယ်။ မျက်နှာဖုံးစွပ်ပြီးကားပေါ် တင်ခေါ်လာ ပေမယ့် သွားနေကျလမ်းတွေမို့ ဘယ်ကိုကွေ့ရင် ဘယ်နေရာလောက်ရောက်နေမလဲဆိုတာ အတိအကျ ကြီးမဟုတ်ပေမယ့် ခန့်မှန်းမိနေတယ်။ အရာရာကို သတိကပ်မိချိန်မှာတော့ “စစ်ကြောရေး”ဆိုတဲ့ စကားသုံးလုံးက ခေါင်းထဲမှာ စနေရာယူမိပါပြီ။

စာကလေးဟိုစပ်စပ် ဒီစပ်စပ်ဖတ်ဖူးတော့ စစ်ကြောရေးကတော့ စာတွေ့ရှိတယ်ဆိုရမယ်။ နေပါဦး၊ ဒီကိစ္စဘယ်နားဖတ်ခဲ့ဖူးပါလိမ့်။ စာအုပ်နာမည်မမှတ်မိတော့၊ ထားတော့။ သေချာမှတ်မိနေတာကတော့ ရဲကောင်းနဲ့ရဲဆိုး ဆိုတာမျိုး။ တစ်ယောက်က ကြမ်းမယ်၊ နောက်တစ်ယောက်ကချော့မယ်။ ကြမ်းရင် အရမ်းကြောက်ပြီးလျှောက်မပြောနဲ့၊ လုံး၀မပြောဘဲလည်းမနေနဲ့။ ချော့ရင်လည်းအရမ်းပျော့မသွားနဲ့၊ ချော့မေးနေတယ်ဆိုတာသတိကပ်ထား၊ တစ်ခုခုကျွေးရင်စား။ အတိအကျကြီးမှတ်မိတာမျိုး မဟုတ်ပေမယ့် အဲဒီလိုမျိုးတွေခေါင်းထဲ၀င်လာတယ်။ ထားတော့၊ ကိစ္စမရှိ၊ မီးစင်ကြည့်ကရမှာပဲ ဆိုပြီး စိတ်တင်းထားလိုက်တယ်။ ကျွန်တော့်မိတ်ဆွေကိုတော့သစ်သားနံရံခြားထားတဲ့ တစ်ဖက်ခန်းကို ထည့်လိုက်တာသတိထားမိတယ်။

သော့ခလောက်ရော၊ သံကြိုးတွေနဲ့ပါခတ်ထားတဲ့ သစ်သားနဲ့သံရောထားတဲ့ တစ်ခုတည်းသောတံခါးကြားက ခပ်မှိန်မှန်အလင်းရောင်နဲ့အတူ တစ်ယောက်ယောက် လျှောက်လာနေတာကို သတိထားမိတယ်။

အပြင်မှာအတော်လေးမှောင်နေပြီ။ ခပ်လှမ်းလှမ်းဆီက သံချောင်းခေါက်သံ ၇ ချက်ကြားရတယ်။ ပတ်၀န်းကျင်အနေအထားအရ ဌာနဆိုင်ရာတွေပတ်လည်၀ိုင်းနေတဲ့ နေရာပဲဖြစ်ရမယ်လို့ စိတ်မှာ တေးထား လိုက်တယ်။

ဂလောက်ဂလက်ဂျောက်ဂျက်အသံတွေအဆုံးမှာ တံခါးပွင့်လာပြီးစောစောကလူ၀င်လာတယ်။ ကိုယ်ရေးအကျဉ်းမေးတယ်။ အေးအေးဆေးဆေးပဲဖြေလိုက်တယ်။ မိသားစုနောက်ခံတွေမေးတယ်။ ဖြေသလောက်ဖြေလိုက်တယ်။ စစ်ဆေးရေးဂိတ်မှာကတည်းက သူတို့အတိုင်းအတာတစ်ခုအထိ သိထားပြီးသားဆိုတာသိသာတယ်။ ရေးထားတဲ့စာရွက်တွေကို ပြန်ဖတ်ခိုင်းတယ်၊ မှန်လားမေးတယ်။ မှန်တယ်ဆိုမှ စာရွက်အောက်ခြေမှာလက်မှတ်ထိုးခိုင်းတယ်။ ကောင်းကောင်းမွန်မွန်ပဲ ထိုးပေးလိုက်တယ်။

“ရေသောက်ချင်တယ်” ပြောတော့ ”ခဏနေရင်ယူလာပေးမယ်” တဲ့။ “လက်ထိတ်ဖြုတ်ပေးလို့ရမလား” ဆိုတော့ “ငါလိုးမသား၊ မင်းအမေလင်အိမ်မဟုတ်ဘူး” နဲ့ ၀ါကျကိုအနားသတ်၊ အခန်းသော့ခတ်ပြီး ပြန်ထွက်သွားတယ်။ လက်ထိတ်ကိုနောက်ပြန်ခတ်လျက်သား၊ ခြေထောက်နှစ်ဖက်ကလည်း ထိပ်တုံးထဲဆိုတော့ ခါးကတော်တော်ကြီးကိုညောင်းကိုက်နေပြီ။ လက်ထိတ်သာမရှိရင် သံမံတလင်းပေါ်မှာ လက်၀ါးနှစ်ဖက်ထောက်ထားနိုင်မှာမို့အတော်ကြီးကို နေသာထိုင်သာရှိမှာပါ။

ဒီမှာပထမဆုံးအနေနဲ့စတွေးမိတာပဲ။ “လွတ်လပ်မှု” ရဲ့တန်ဖိုးဆိုတာကိုပေါ့။ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကပဲ ထိုင်လိုထိုင်၊ ထလိုထ၊ သွားလိုသွား၊ လာလိုလာ လုပ်လို့ရနေတဲ့အခြေအနေကနေ ခုတော့ ရေကလေးသောက်ချင်တာတောင်မှ ခဏနေဦးနဲ့ ညားနေပြီ။

စစ်ဆေးရေးဂိတ်မှာအထုအထောင်းခံရ၊ မျက်နှာဖုံးကြီးစွပ်ပြီး ကားပေါ်ခပ်တောင့်တောင့်ထိုင်လာရ၊ ထိပ်တုံးတွေလက်ထိတ်တွေနဲ့ အံမ၀င် ခွင်မကျ ဖြစ်နေတော့ လူကတော်တော်ဖြစ်နေပြီ။ အခုချိန်ဘီယာအေးအေးလေးများမော့လိုက်ရရင်ဖြင့် အာဂပါးစပ်ဖြစ်ရချည်ရဲ့လို့ တွေးမိနေတုန်းမှာပဲ “ဘုတ်” ဆိုတဲ့အသံနဲ့အတူ သစ်သားတန်းတွေကြားက ရေတစ်ဗူးပြုတ်ကျလာတယ်။ လက်တစ်ကမ်းမှာပေမယ့် မြင်သာမြင်မကြင်ရ။ လက်မအား၊ ခြေမအား ကားယားကြီး နဲ့ ရေငတ်ဒဏ်ကို စန့်စန့်ကြီးခံနေရလေရဲ့။

အာခေါင်တွေခြောက်ကပ်ပြီး ဗိုက်ကပါ ဆန္ဒပြလာတယ်။ တမနက်လုံးဟိုပြေးဒီလွှားလုပ်နေတာ ထမင်းကို ကောင်းကောင်းမစားဖြစ်လိုက်။ မနက်စာများများစားထားတာကိုတော့မှတ်မိတယ်။ အင်း၊ ဒီလောက်မှတ်မိ နေသေးတာကိုပဲ မဆိုးဘူးလို့ဆိုရဦးမယ်။

ဂလောက်ဂလက်ဂျောက်ဂျက် အသံတွေထပ်ကြားရပြီးတံခါးပွင့်လာပြန်တယ်။ ဟတယ်ဆိုရုံကလေး ဟပေမယ့် ဘယ်သူမှ၀င်မလာ။ လူအစား ပန်းကန်ပြားတစ်ချပ် လျှောခနဲတိုး၀င်လာတယ်။ အဖြူရောင်သံပန်းကန်ပြားထဲမှာ ထမင်းမမောက်တမောက်၊ ခရမ်းသီး သုံးလေးဖတ်၊ ကန်းစွန်းရွက် လေးငါးဖတ်၊ ဟင်းရေမဆိုစလောက်ကလေးစွက်စွက်။ အားလုံးရဲ့အပေါ်မှာ မိန့်မိန့်ကြီးမင်းမူနေတာက ငါးရံ့ခေါင်းပြတ်တစ်လုံး။

“စား” ဆိုတဲ့စကားကိုသံပြတ်နဲ့ပြောပြီး တံခါးပိတ်မယ်ပြင်နေတော့ “ခဏဗျ၊ ခဏ” လို့ အတင်း တားယူ ရတယ်။ “ဘာလဲ” ဆိုတာကိုဆုံးအောင်နားထောင်မနေဘဲ နောက်ပြန်ခတ်ထားတဲ့ လက်ထိတ်ကို အမူအရာနဲ့ပြတော့ ဘာမှထပ်မပြောတော့ဘဲ အခန်းထဲ အသာလျှို၀င်လာတယ်။ အသင့်ပါလာတဲ့သော့နဲ့ လက်ထိတ်ကိုဖြုတ်ပေးနေတော့ ၀မ်းသာပြီပေါ့။ ဘယ်ကလာဆရာသမားက နောက်ကလက်ထိတ်ကို ရှေ့ဘက်ပြောင်းခတ်ရုံပဲ။ ဘာပဲဖြစ်ဖြစ် ပေါင်နှစ်ခုကြားက သံမံတလင်းပေါ်ကိုလက်နှစ်ဖက် ထောက်လို့ရသွားတော့ ခါးညောင်းတာ အတော်သက်သာသွားတယ်။

မဆီမဆိုင်ဒင်းကို ကြိတ်ပြီးကျေးဇူး တင်လိုက်သေးတယ်။ မောင်မင်းကြီးသားကျန်းမာပါစေ။

လက်ထိတ်တန်းလန်းနဲ့စောစောကရေဗူးကိုယူ၊ ပူးနေတဲ့လက်နှစ်ဖက်နဲ့အားစိုက်ပြီး အဖုံးကိုဖွင့်ပေမယ့် ဘာအားမှမစိုက်ထုတ်လိုက်ရဘဲ ဗူးက အသာကလေးပွင့်လာတယ်။ အော်၊ သောက်လက်စလား၊ ဘာရေတွေမှန်းလည်းမသိ၊ ဘာပဲဖြစ်ဖြစ်မျိုသာမျိုချ၊ တော်သေးတယ် အနံ့အရသာတွေ ရေနဲ့သိပ်မခြား နေလို့။

ရေကိစ္စပြီးတော့ တောက်နေတဲ့၀မ်းမီးကိုငြိမ်းဖို့သတိရလာပြီ။ ထမင်းပန်းကန်ကလည်းအသင့်။ ခက်တာက ငါးရံ့ခေါင်း။ ပင်လယ်နဲ့နီးတဲ့ အောက်ပြည်အောက်ရွာမှာ မွေးဖွားကြီးပြင်းသူဆိုတော့ ဆားနံ့ပါတဲ့ ပင်လယ်ငါးမှမဟုတ်ရင် ဘယ်ငါးမှငါးမထင်တဲ့ ရောဂါကရင့်နေသူကိုး။ ငါးရံ့ ငါးခူ အသာထား၊ ငါးပြေမလို၊ ငါးကြင်းလို ငါးတွေတောင်မှ တသက်တာမှာ မစားလာခဲ့သူက ဒီစစ်ကြောရေးရောက်ငါးရံ့ဟင်းကို ခံတွင်းထဲဘယ်ပုံသွတ်သွင်းရမလဲ စဉ်းစားလို့မရ။

အော်၊ ငါ့နှယ်၊ ခက်ပါဘိ။ ဒီဟင်းမှမစားပြန်ရင်လည်း ထမင်းချည်းသက်သက်ခပ်စားမှပဲရတော့မယ်။

ရှေ့ခရီးက ဘယ်လောက် ကြာဦးမယ်မှန်းမသိ။ ဒီဘ၀မှာ ဒီငါးရံ့ဟင်းဟာ နောက်ဆုံးညစာလည်း ဖြစ်သွားနိုင်သေးတာပဲ။ စစ်ကြောရေးကနေ မပြန်လမ်းကို မြန်းသွားရရှာသူတွေလည်း သမိုင်းတလျှောက်ဒုနဲ့ဒေး။ မဆီမဆိုင် အမေချက်တဲ့ ငါးစင်းကောတို့စရာအစုံ နဲ့ ငါးမှုန့်သရက်သီးချက်ကို သတိရမိလိုက်သေး။ အော်၊ ကိုငရံ့ရယ်၊ ခက်ရချည်ရဲ့၊ မင်းကိုပဲ ငါစားရတော့မှာ လားဟ။

ဇာတ

ဆက်လက်ဖော်ပြပါမည်။