ထားဝယ်စာရေးဟန်ဖြင့် ရေးသားထုတ်ဝေသည့် “ခေရာ” (ခြေရာ) အွန်လိုင်းစာစောင် အတွဲ (၁)၊ အမှတ် (၁) ကို ယနေ့ ဇူလိုင်လ ၈ ရက်တွင် စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။
“ခေရာ” အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ချိခြင်းဖြစ်သည်။
စိတ်ကူးစိတ်သန်းများ၊ ဖန်တီးမှုများ၊ ခံစားမှုများ၊ ဖြတ်သန်းမှုများကို သမိုင်းခြေရာအဖြစ် မှတ်တမ်းတင် လက်ဆင့်ကမ်းရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေရကြောင်း “ခေရာ” စာစောင်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
“အဓိက ထားဝယ်စာ ဖွံ့ဖြိုးရေးအတွက် အခြေခံအရင်းအမြစ်ရအောင် ရည်ရွယ်ပါတယ်။ ဆိုလိုတာက ထားဝယ်စာသည် စာမရှိလို့ မရေးဖြစ်၊ မရေးဖြစ်ကြတော့ ကိုးကားလို့ရတဲ့ စာမရှိဘူး ဆိုပြီး လည်နေတယ်။ ရေးလက်စရှိနေတဲ့ အသုံးအနှုန်းတွေကို အခြေခံပြီး ဖြည်းဖြည်းချင်း ရေးသွားကြရင် အချိန်ကာလတစ်ခုမှာ ပိုကောင်းတဲ့ ရေးသားစနစ်တစ်ခု ရလာမယ်” ဟု ခေရာစာစောင် ထုတ်ဝေသူက ပြောသည်။
ခေရာစာစောင်တွင် မြန်မာအက္ခရာကို အသုံးပြုကာ ထားဝယ်ဘာသာစကားဖြင့် ရေးသားထားသည့် ကဗျာ၊ အက်ဆေး၊ ဘာသာပြန်၊ ရှုထောင့်၊ လူမှုဓလေ့နှင့် ဟာသကဏ္ဍများ ကနဦးပါဝင်ပြီး နောင်ပိုင်းတွင် စာမူရှင်များ၏ ပေးပို့သည့်စာမူများအရ ကဏ္ဍတိုးချဲ့ရန်ရှိကြောင်း ၎င်းက ပြောဆိုသည်။
ခေရာစာစောင်ကို ခြောက်လတစ်ကြိမ် ထုတ်ဝေရန် လျာထားပြီး ယခုနှစ်ဝက်တွင် စာစောင်အမှတ် (၁) ကို ထုတ်ဝေခဲ့ခြင်းဖြစ်ကာ အမှတ် (၂) ကိုမူ ယခုနှစ်ကုန် ဒီဇင်ဘာလတွင် ထုတ်ဝေမည်ဖြစ်သည်။
နောက်ပိုင်းတွင် စာမူရရှိမှုအပေါ် မူတည်ကာ သုံးလတစ်ကြိမ် ထုတ်ဝေမည်ဖြစ်ပြီး မြေပြင်တွင်လည်း စာစောင်ဖြန့်ချိရန် ဆန္ဒရှိကြောင်း ခေရာစာစောင် ထုတ်ဝေသူက ပြောသည်။
ခေရာစာစောင်ကို အယ်ဒီတာအဖွဲ့နှင့် စာမူရှင်၊ ကလောင်ရှင်များအားလုံးက စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကာ ရေးသားပေးပို့ ထုတ်ဝေကြခြင်းဖြစ်ပြီး စာစောင်အမှတ် (၂) အတွက်လည်း ၎င်းတို့၏ လူမှုကွန်ရက်နှင့် အီးမေးလ်များမှတစ်ဆင့် စာမူများ လက်ခံလျက်ရှိသည်။







