ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူတွင် တောကောင် သွားရှာသည့်အမျိုးသားနှစ်ဦး ပျောက်ဆုံး

July 8, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာတို့က ဒေသခံအမျိုးသားနှစ်ဦး တောကောင်ရှာရန် သွားစဉ် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ခမောင်းချောင်းရွာသားမှာ အသက် ၂၀ကျော်အရွယ်ဖြစ်ပြီး ဝက်ချောင်းရွာသားမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါအမျိုးသားနှစ်ဦးသည် ဇူလိုင်လ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ကျေးရွာအနီးရှိ တောအုပ်အတွင်း တောကောင်ရှာဖွေရန် ထွက်သွားခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၈ ရက် မွန်းလွဲအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“မနေ့ကတည်းက ထွက်သွားတယ်။ အိမ်ကို ပြန်မရောက်လာကြသေးလို့ မိသားစုက လိုက်ရှာနေတာ အခုအထိ မတွေ့ရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦး ပျောက်ဆုံးနေသည့် ကျေးရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်း တစ်ကြောင်း တပ်ဖျောက်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၆ ရက် ညတွင် ရေဖြူမြို့မှ ထွက်လာပြီး ဝက်ချောင်း၊ ခမောင်းချောင်း စသည့် ကျေးရွာအနီးဝန်းကျင်တွင် တောကြောအတိုင်း တပ်ဖျောက်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။