လောင်းလုံးမြို့နယ်အခြေစိုက် စစ်ရေးလှုပ်ရှားသည့် သံမဏိလိပ်ပြာတပ်ဖွဲ့သည် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း (T1) ၏ တပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်ကြေညာသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း (T1) ၏ တပ်ခွဲအဖြစ် ဇူလိုင်လ ၇ ရက်တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
သံမဏိလိပ်ပြာတပ်ဖွဲ့သည် တပ်ခွဲအဖြစ် မပြောင်းလဲမီကတည်းက ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် စစ်ရေးပူးပေါင်း လှုပ်ရှားမှုများရှိခဲ့သည်။
သံမဏိလိပ်ပြာတပ်ဖွဲ့သည် ယခုနှစ်ဆန်းပိုင်းမှစ၍ စုဖွဲ့ပြင်ဆင်ပြီးနောက် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ၏ တပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး စစ်ရေးကွပ်ကဲမှုနှင့် ထောက်ပို့ဆိုင်ရာကဏ္ဍတွင် တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၄ ၏ ကွပ်ကဲမှုအောက်တွင် ရှိမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း (T1) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကွပ်ကဲမှုကတော့ အမိန့်တစ်ခုတည်းအောက်မှာ အလုပ်လုပ်ရတော့ ပိုအဆင်ပြေလာတယ်” ဟု ၎င်းက ပြောဆိုသည်။
ယခင်ကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ အမည်မဖော်ဘဲ တပ်ခွဲအဖြစ် လာရောက်ပူးပေါင်းခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
သံမဏိလိပ်ပြာတပ်ဖွဲ့သည် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ လိပ်ပြာတပ်စုအဖြစ် ကနဦး ရပ်တည်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် သီးခြားရပ်တည်၍ မဟာမိတ်များနှင့်အတူ စစ်ရေးလှုပ်ရှားခဲ့သည်။
သံမဏိလိပ်ပြာတပ်ဖွဲ့သည် ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ်ပြောင်းလဲ ပြီးနောက်ပိုင်းတွင်လည်း ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် တောက်လျှောက်ချိတ်ဆက်ကာ ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများ နှင့် အညီ ရပ်တည်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည် ။
“တစ်စုတစ်စည်းဖြစ်လာလေ အင်အားလည်း ပိုကောင်းလာသလို ညီညွတ်မှုလည်း ပိုရှိလာမှာပါ။ စုစည်းမှုပိုကောင်းလာလေ ရန်သူဘက်ကလည်း ပိုကြောက်လာမှာပါ။ ရန်သူကြောက်တာက ကျွန်တော်တို့ ကိုင်ထားတဲ့ လက်နက်မဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေရဲ့ စည်းလုံးမှုလို့ မြင်တယ်ဗျ ” ဟု ၎င်းကပြောသည် ။
သံမဏိလိပ်ပြာတပ်ဖွဲ့ သည် ဒရုန်းစစ်ဆေးရေးကို အားပြု၍ စစ်ရေးလှုပ်ရှားသည်ကို ယင်းတပ်ဖွဲ့ ၏ စစ်ရေးမှတ်တမ်းများ၌ တွေ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသည့် မူဝါဒနှင့် စည်းကမ်းများကို လိုက်နာနိုင်ပါက ဒေသကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် ညှိနှိုင်းကာ ပူးပေါင်းနိုင်ကြောင်း ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။






