တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်တပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။
ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် ဇန်နဝါရီလ ၇ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ကြက်တွန်ကတည်းက စစ်သားတွေက ခြောက်မိုင်ရွာထဲ ဝင်လာကြတယ်။ နေ့လယ်ဘက် တိုက်ပွဲဖြစ်ကြပြီး ညနေဘက်လောက်မှာ သေနတ်သံတွေ စဲသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း တော်လှန်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နံနက် ၄ နာရီဝန်းကျင်က စစ်ကြောင်းဝင်လာချိန် ရွာသားများ တိမ်းရှောင်ကြသော်လည်း တိုက်ပွဲဖြစ်ချိန် ပိတ်မိသူများလည်း ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်စဉ် ရွာတွင် ပိတ်မိသူများမှာ အခြားကျေးရွာသို့ တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာသားတွေက တိုက်ပွဲဖြစ်တော့ နီးစပ်ရာရွာကို ပြောင်းရွေ့ကုန်ပြီ။ ဒီနေ့ (ဇန်နဝါရီ ၈) တော့ သေနတ်သံ မကြားရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်တွင် စစ်အာဏာရှင်တပ် အမှတ် ၅၆၁တပ်ရင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ် သဖြင့် စစ်အာဏာရှင်တပ်သားများပြန်လည် ပစ်ခတ်ရာ မုတ်ဆိတ်ကွင်းရွာသို့ လက်နက်ကြီးကျည် တစ်လုံးကျပြီး ကလေး အပါအဝင် ရွာသားသုံးဦး ဒဏ်ရာရခဲ့သည်။
ယင်းနောက် ဇန်နဝါရီလ ၇ ရက်တွင် ခြောက်မိုင်ရွာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသည်။







