ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အိန္ဒိယပိုးဟပ်ပါတီ ထောက်ခံသူများ ပထမဆုံးအကြိမ် လမ်းပေါ် ထွက်ဆန္ဒပြ

June 7, 2026

အိန္ဒိယနိုင်ငံတွင် လူမှုကွန်ရက်၌ အကြီးအကျယ် ရေပန်းစားနေသည့် ပိုးဟပ်ပြည်သူ့ပါတီ (CJP) ကို ထောက်ခံသူ ရာပေါင်းများစွာသည် မြို့တော်ဒေလီတွင် ဇွန်လ ၆ ရက်က စုဝေးဆန္ဒပြကြသည်။

ယင်းမှာ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ထောက်ခံသူများ၏ ပထမဆုံးအကြိမ် လမ်းပေါ်ဆန္ဒပြပွဲ ဖြစ်သည်။

ပညာရေး၊ အလုပ်အကိုင်၊ စီးပွားရေးအခွင့်အလမ်းများနှင့် ပတ်သက်၍ အိန္ဒိယလူငယ်များအကြား ကြီးထွားလာနေသည့် မကျေနပ်မှုများအပေါ် အခြေခံသည့် စနေနေ့က ဆန္ဒပြပွဲသည် ပိုးဟပ်ပြည်သူ့ပါတီ အွန်လိုင်းလှုပ်ရှားမှုကို ပိုမိုကျယ်ပြန့် သည့် လူထုလှုပ်ရှားမှုအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိ ကနဦးစမ်းသပ်မှုတစ်ခု ဖြစ်သည်။

ပိုးဟပ်ပြည်သူ့ပါတီ အွန်လိုင်းလှုပ်ရှားမှုကို စတင်တည်ထောင်ခဲ့သူ အဗ်ဟီဂျီးတ် ဒစ်ပ်ကေးသည် စနေနေ့က ဆန္ဒပြပွဲတွင် ပါဝင်ရန် အမေရိကန်ပြည်ထောင်စုမှ နယူးဒေလီမြို့သို့ စနေနေ့က ရောက်ရှိလာခဲ့သည်။

ရဲတပ်ဖွဲ့သည် နယူးဒေလီ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဆိုက်ရောက်ဂိတ်တွင် သံမဏိအတားအဆီးများကို ချထားခဲ့သည်။

စနေနေ့က ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ်ဆင်ထားသည့် ရဲဝန်ထမ်းများက စောင့်ကြည့်နေခဲ့ကြပြီး စက္ကူပိုးဟပ်မျက်နှာဖုံးများနှင့် လက်ကမ်းစာစောင်များကို ကိုင်ဆောင်ထားကြသော ဆန္ဒပြသူ ရာပေါင်းများစွာသည် အိန္ဒိယပညာရေးဝန်ကြီး ဒါမန်ဒရာပရာဒန် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

မေလအတွင်း ဖြစ်ပွားခဲ့သည့် စာမေးပွဲ မေးခွန်းပေါက်ကြားမှုနှင့် စပ်လျဉ်း၍ ဆန္ဒပြသူများက ယင်းသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အစိုးရဆီကနေ တာဝန်ယူမှု တာဝန်ခံမှုကို လိုချင်ပါတယ်” ဟု ဆေးတက္ကသိုလ်တက်ရန် ရည်မှန်းထားသည့် ဆန္ဒပြသူတစ်ဦးက ပြောသည်။

“ဒီနိုင်ငံမှာ စာမေးပွဲမေးခွန်းတွေက ဘယ်လိုဖြစ်ပြီး ပေါက်ကြားနေရတာလဲ။ ဒါက ဘယ်လိုလုပ်ပြီး တရားမျှတမှာလဲ” ဟု ၎င်းက ဆိုသည်။

စနေနေ့က ဆန္ဒပြပွဲ မစတင်မီ ပိုးဟပ်ပြည်သူ့ပါတီ၏ ပြန်ကြားရေးတာဝန်ခံ အာရှုတိုရှ် ရန်းကာက ယင်းဆန္ဒပြပွဲကို နိုင်ငံ၏ လူငယ်ထုအတွက် ငြိမ်းချမ်းသော လှုပ်ရှားမှုတစ်ခုဟု ပြောဆိုခဲ့သည်။

ပိုးဟပ်ပြည်သူ့ပါတီကို ပြီးခဲ့သည့် မေလ ၁၆ ရက်တွင် အမေရိကန်နိုင်ငံ၌ နေထိုင်သည့် ဆော့ဖ်ဝဲအင်ဂျင်နီယာ အဗ်ဟီဂျီးတ် ဒစ်ပ်ကေးက စတင်ထူထောင်ခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း အိန္ဒိယတရားသူကြီးချုပ် ဆူရာကန့်က တရားခွင်တစ်ခုအတွင်း တက်ကြွလှုပ်ရှားသူ အလုပ်လက်မဲ့လူငယ်အချို့ကို “ပိုးဟပ်များ၊ ကပ်ပါးကောင်များ” ဟု ခိုင်းနှိုင်းဝေဖန်ခဲ့ပြီးနောက် ၎င်းက ပိုးဟပ်ပြည်သူ့ပါတီ(CJP)ကို ထူထောင်လိုက်ခြင်း ဖြစ်သည်။

အိန္ဒိယတွင် အဆိုပါ အင်းဆက်ပိုးမွှားအမည်များကို ညစ်ပတ်စက်ဆုပ်ဖွယ်ကောင်းပြီး သုတ်သင်ရှင်းလင်းရန် ခက်ခဲသူများဟူသည့် အဓိပ္ပာယ်မျိုးဖြင့် ပုတ်ခတ်ပြောဆိုလေ့ရှိသည်။

နောက်ပိုင်းတွင် တရားသူကြီးချုပ်ဆူရာကန့်ကက ၎င်းအနေဖြင့် ဘွဲ့အတုကိုင်ဆောင်ထားသူများကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး လူငယ်ထုတစ်ရပ်လုံးကို စော်ကားခြင်းမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သော်လည်း ၎င်း၏စကားကို တုံ့ပြန်လှောင်ပြောင်သည့် ပိုးဟပ်ပြည်သူ့ပါတီ(CJP) အွန်လိုင်းလှုပ်ရှားမှုမှာမူ ရုတ်ချည်းကြီးထွားလာခဲ့သည်။

ပိုးဟပ်ပြည်သူ့ပါတီ(CJP) အွန်လိုင်းနိုင်ငံရေးလှုပ်ရှားမှုသည် လူထုစိတ်ဝင်စားမှုကို အကြီးအကျယ်ရရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် Instagram လူမှုကွန်ရက်စာမျက်နှာ၌ Follower ၁၅ သန်းခန့်အထိ တိုးပွားလာခဲ့သည်။

ယင်းနောက် X လူမှုကွန်ရက်ပလက်ဖောင်းပေါ်ရှိ Follower ၂ သိန်းခန့်ရှိသော CJP အကောင့်ကို အိန္ဒိယအစိုးရက ပိတ်ဆို့တားဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပွင့်လာခဲ့ပြီး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Source: Agencies