မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့်အတွက် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ စစ်အာဏာရှင်တပ်၏ လေးကေတပ်စခန်းနှင့် ဝင်းတာပန်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလဆန်းပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေးကေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဝင်းတာပန်စခန်းကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိသည်။
စစ်အာဏာရှင်တပ်ဘက်ကလည်း ဝင်းတာပန်စခန်း လက်မလွှတ်ရစေရန် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။
ယင်းအပြင် စစ်အင်အား အများအပြားဖြင့် မြေပြင်ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းနှင့် စက်တပ်လေထီးများ (Para-motor) အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုများကိုလည်း နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။
“တိုက်ပွဲက နေ့တိုင်းရှိတယ်။ စစ်တပ်ဘက်ကတော့ သူတို့စခန်းမကျဖို့ကို အပြင်းအထန် ခုခံနေတယ်။ လေကြောင်းအသုံးပြုပြီးတော့ အပြင်းအထန် တိုက်နေတယ်။ ရွာတွေဘက်မှာလည်း လေယာဉ်နဲ့ ဗုံးလိုက်ကြဲတယ်။ လူတွေက ကြိုတင်ထွက်ပြေးနေကြရတော့ အထိအခိုက်ကတော့ သိပ်မရှိဘူး” ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်နေခြင်းကြောင့် ဝင်းတာပန်ကျေးရွာရှိ နေအိမ်အချို့ မီးလောင်ပျက်စီးမှုများ ရှိနေသည်ဟု ဆိုသည်။
စခန်းသိမ်းတိုက်ပွဲများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် လေးကေ၊ ဝင်းတာပန်ကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံပြည်သူ ၁၃,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် လေးကေနှင့် ဝင်းတာပန်ကျေးရွာတို့သည် KNU သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသည်။







