ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါ ဒေသခံသုံးဦးဒဏ်ရာရ

January 7, 2026

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် တနင်္သာရီမြို့နယ်၊ မုတ်ဆိတ်ကွင်းရွာတွင် ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

တော်လှန်ရေးတပ်များက ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းကို ဇန်နဝါရီလ ၆ရက် ညနေ ၃ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးကျည် လေးလုံးပြန်လည်ပစ်ခတ်ရာ တစ်လုံးမှာ မုတ်ဆိတ်ကွင်း ကျေးရွာတွင် ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် အသက် ၁၂နှစ်ဝန်းကျင်ရှိ ကလေးတစ်ဦး ခြေတွင် ဒဏ်ရာရပြီး ကျန်သည့် အမျိုးသားနှစ်ဦးတွင်လည်း ခြေနှင့် လက်တို့တွင် ဒဏ်ရာရကြောင်း တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“လူကြီးတစ်ယောက်က ဒဏ်ရာရများတယ်။ ကလေးနဲ့ လူကြီး နောက်တစ်ယောက်က ဒဏ်ရာနည်းတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ အခြားကျေးရွာနှစ်ရွာတွင်လည်း ကျရောက်ပေါက်ကွဲ ခဲ့သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မုတ်ဆိတ်ကွင်းရွာမှာပဲ လူထိသွားတယ်။ ကျန်တဲ့နေရာတွေမှာက ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လက မုတ်ဆိတ်ကွင်းကျေးရွာအပါအဝင် ကျေးရွာ လေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။