ဘရာဇီး – နော်ဝေ
ဒီပွဲဟာ ဘရာဇီးအတွက် လွယ်မယောင်နဲ့ ခက်ပါလိမ့်မယ်။ ဘရာဇီးရဲ့အားသာချက်က နည်းပြ အန်စလော့တီကို ပိုင်ဆိုင်ထားတာပါပဲ။ အန်စလော့တီဟာ ရှုံးထွက်အဆင့်တွေ ကစားရရင် သိပ်ကို ပါးနပ်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့အနေအထားကိုကြည့်ပြီး တစ်ပွဲချင်းအလိုက် မတူညီတဲ့ဗျူဟာနဲ့ ပွဲချဉ်းကပ်တတ်တာက နည်းပြ အန်စလော့တီရဲ့အားသာချက်ပါပဲ။ နော်ဝေကတော့ ဟာလန်းနဲ့ အိုဒီဂတ်ဒ် တို့ကို အားပြုပြီး ပွဲထွက်လာမှာပါ။ နော်ဝေအတွက် ဒီပွဲဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်ဖြစ်သွားပါလိမ့်မယ်။ ဘရာဇီးဟာ တစ်ချိန်တစ်ခါတုန်းကဘရာဇီး မဟုတ်တော့ပေမယ့် နိုင်သင့်နိုင်ထိုက်တဲ့ပွဲကို အနိုင်ရအောင် ကစားနိုင်စွမ်း အပြည့်ရှိနေဆဲပါပဲ။ နော်ဝေဟာ ထိပ်သီးအသင်းကြီးတွေနဲ့ဆုံရင် အမှားများလေ့ ရှိပါတယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။ အကြိတ်အနယ် အားပြိုင်ပြီးတဲ့နောက်မှာ ဘရာဇီး ကပ်နိုင်ပါလိမ့်မယ်။
မက္ကဆီကို – အင်္ဂလန်
ဒီအာရ်ကွန်ဂိုနဲ့ ကစားခဲ့တဲ့ ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တုန်းက အခင်းအကျင်းမျိုးနဲ့ ပွဲထွက်လာခဲ့ရင် အင်္ဂလန် ဒုက္ခများသွားပါလိမ့်မယ်။ မက္ကဆီကိုဟာ အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး အင်္ဂလန်ကို ဖိအားပေးမှာပါ။ ဒါပေမဲ့ တစ်ချက် တွက်စရာရှိတာက အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ တူချယ်လ်သာ လူစုံတက်စုံ ပွဲထုတ်လာခဲ့ရင် မက္ကဆီကို အသာစီးရနိုင်ဖို့ မလွယ်လောက်ပါဘူး။ ကစားကွက်နဲ့ နည်းဗျူဟာချင်း အားပြိုင်ပွဲမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ဒီလိုပွဲမျိုးက တစ်ချက်မှားတဲ့အသင်း ပေးဆပ်ရမှု ကြီးမားလေ့ရှိပါတယ်။ အင်္ဂလန်ဟာ အခုအချိန်ထိ ပုံစံကောင်း ထုတ်မပြနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီတစ်ပွဲမှာ အင်္ဂလန် ခြေမချော်လောက်သေးဘူး၊ နာမည်ကြီး ထမင်းငတ်မဖြစ်သေးဘူးလို့ ယုံကြည်ယူဆမိပါတယ်။ အင်္ဂလန် ကပ်နိုင်ပါလိမ့်မယ်။







