ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲကြောင့် လူသန်းပေါင်းများစွာ အငတ်ဘေးနှင့် နီးကပ်လာကြောင်း WFP ထုတ်ပြန်

June 5, 2026

အရှေ့အလယ်ပိုင်းပဋိပက္ခက လူသန်းပေါင်းများစွာကို အငတ်ဘေးသို့ တွန်းပို့နေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး ( WFP) က ယနေ့ ဇွန်လ ၅ ရက်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။

စက်သုံးဆီနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာမှုကြောင့် စားသောက်ကုန်စျေးနှုန်းများ လိုက်ပါကြီးမြင့်လာခြင်း၊ ရန်ပုံငွေမလုံလောက်မှုကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများမှာလည်း ထောက်ပံ့မှုများကို လျှော့ချနေရခြင်းကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် လူပေါင်းသန်းနှင့်ချီ၍ ငတ်မွတ်ခေါင်းပါးမှုဘေးသို့ တွန်းပို့နေကြောင်း WFP က ဆိုသည်။

ဖေဖော်ဝါရီလအတွင်း အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ ပူးတွဲတိုက်ခိုက်မှုများကြောင့် အီရန်စစ်ပွဲစတင်ခဲ့ပြီး ပင်လယ်ကွေ့ဒေသတစ်ခုလုံးမှသည် လက်ဘနွန်နိုင်ငံအထိ ပဋိပက္ခ ကူးစက်ကျယ်ပြန့်သွားခဲ့သည်။

အဆိုပါ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားအပါအဝင် အဓိကရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများ အဟန့်အတားဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့စွမ်းအင်စီးဆင်းမှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပြင်းထန်စွာ ထိန်းချုပ်ကန့်သတ်လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

ဇွန်လအထိ ရေနံစျေးနှုန်းများ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်တွင် ဆက်ရှိနေပါက လူပေါင်း ၄၅ သန်းအထိ ပြင်းထန်သည့် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP က မတ်လအတွင်း သတိပေးခဲ့သည်။

မတ်လအစောပိုင်းကတည်းက ရေနံစျေးနှုန်းများသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် ဆက်လက်ရှိနေခဲ့သည့်အတွက် ယခုအခါ ထိုခန့်မှန်းချက် လက်တွေ့အခြေအနေ ဖြစ်လာနေပြီဖြစ်ကြောင်း WFP က ဆိုသည်။

အာဖဂန်နစ္စတန်၊ ဆိုမာလီယာနှင့် သီရိလင်္ကာနိုင်ငံတို့ရှိ မိသားစုများသည် အဆိုးရွားဆုံး ထိခိုက်ခံစားရသူများထဲတွင် ပါဝင်နေပြီး စက်သုံးဆီစျေးနှုန်းကြီးမြင့်မှု၊ စားသောက်ကုန်စျေးနှုန်း ထိုးတက်သွားမှု၊ ဝင်ငွေဆုံးရှုံးမှုနှင့် ကုန်သွယ်ရေးပြတ်တောက်မှုကြောင့် တိုးပွားလာသော ဖိအားများနှင့် ရင်ဆိုင်နေရသည်။

Source: Reuters