ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ယူကရိန်းအား ကူညီ၍ ရုရှားကို ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်း ကန် အောက်လွှတ်တော် အတည်ပြု

June 5, 2026

ယူကရိန်းအား အကူအညီပေးပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က ဇွန်လ ၄ ရက်နေ့တွင် အတည်ပြုလိုက်သည်။

ယင်းမှာ သမ္မတဒေါ်နယ်ထရမ့်၏ ရီပတ်ဘလင်ကန်ပါတီဝင်အချို့က ပါတီခေါင်းဆောင်များကို ဖီဆန်ရန် ဆန္ဒရှိနေကြောင်း နောက်ဆုံးထွက်ပေါ်လာသည့် လက္ခဏာဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

လနှင့်ချီ၍ ကြန့်ကြာနေသည့် အဆိုပါ ‘ယူကရိန်းပံ့ပိုးကူညီရေးဥပဒေ’မူကြမ်းကို ရီပတ်ဘလင်ကန်ပါတီဦးဆောင်သည့် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၂၂၆ မဲ ၊ ကန့်ကွက်မဲ ၁၉၅ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်း အတည်ပြုရန် မဲခွဲဆုံးဖြတ်မှုကို မဖြစ်မနေလုပ်ဆောင်ရန် လွှတ်တော်လုပ်ထုံးလုပ်နည်းအရ တောင်းဆိုရာတွင် ဒီမိုကရက်အမတ်များနှင့်အတူ ရီပတ်ဘလင်ကန်ပါတီဝင်အချို့က ပူးပေါင်းခဲ့ကြောင်း သိရသည်။

ယင်းမှာ ရီပတ်ဘလင်ကန်ပါတီဝင်များအကြား သမ္မတထရမ့်၏ မူဝါဒများအပေါ် ယခင်က တညီတညွတ်တည်း ထောက်ခံခဲ့ကြသော်လည်း လက်ရှိတွင် အက်ကြောင်းထင်လာသည့် လက္ခဏာဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ သမ္မတထရမ့်အနေဖြင့် အီရန်စစ်ပွဲ မဆင်နွှဲနိုင်ရန် ဟန့်တားမည့် ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီး နောက်တစ်ရက်အကြာတွင် အဆိုပါ ဥပဒေမူကြမ်းကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းဥပဒေမူကြမ်းကို အတည်ပြုလိုက်ခြင်းက အရေးပါသည့် ရှေ့ခြေလှမ်းတစ်လှမ်းဖြစ်ပြီး ယူကရိန်းအပေါ် အမေရိကန်ပါတီကြီးနှစ်ရပ်စလုံး၏ ဆက်လက်ထောက်ခံမှုကို ထင်ဟပ်စေသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလ်ဟာစတီဖာနီရှီနာက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။

သို့ရာတွင် အောက်လွှတ်တော်က အတည်ပြုလိုက်သည့် ‘ယူကရိန်းပံ့ပိုးကူညီရေးဥပဒေ’ ၏ အနာဂတ်မှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

ယင်းဥပဒေကြမ်း အတည်ဖြစ်ပြီး ဥပဒေအဖြစ် အာဏာသက်ရောက်လာရန် အမေရိကန်အထက်လွှတ်တော်၏ ထပ်မံအတည်ပြုချက် ရရှိရန် လိုအပ်သည်။

အမေရိကန်အထက်လွှတ်တော်၏ ရီပတ်ဘလင်ကန်ခေါင်းဆောင်များက ၎င်းတို့အနေဖြင့် သမ္မတထရမ့်၏ လမ်းညွှန်ချက်ကို စောင့်ဆိုင်းသွားမည်ဟု ဆိုကာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမည့် ဥပဒေမူကြမ်းများကို မဲခွဲခွင့် မပြုခဲ့ကြပေ။

ယင်းဥပဒေမူကြမ်းကို အထက်လွှတ်တော်က အတည်ပြုလိုက်လျှင်ပင် သမ္မတထရမ့်က ဗီတိုအာဏာသုံး ပယ်ချရန် အလားအလာရှိနေသည်။

Source: Reuters