ထားဝယ်မြို့တွင် ယမန်နေ့ ညက ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူအမျိုးသား ဒဏ်ရာရရှိကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။
မြို့သစ် ၁၃ လမ်းတွင် မေလ ၄ ရက် ည ၉ နာရီခွဲခန့်က အိမ်စီးကားနှင့် ဆိုင်ကယ်တို့ တိုက်မိခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။
ဆိုင်ကယ်မောင်းသူ၏ လက်တွင် ပွန်းပဲ့ ဒဏ်ရာရရှိပြီး ဇမ္ဗူသီရိအရေးပေါ်လူ နာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ် ဆေးရုံကြီးသို့ ကူညီပို့ ဆောင်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ကား၏ အရှေ့ပိုင်း ဝဲဘက်ခြမ်း ထိခိုက်ပျက်စီးခဲ့ပြီး ဆိုင်ကယ်လည်း အရှေ့ပိုင်း ပျက်စီးခဲ့ကြောင်း ဆိုသည်။
ထားဝယ်မြို့ ကမ်နားလမ်းတွင်လည်း မေလ ၃ ရက် ညက ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရသေးကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။
ထားဝယ်မြို့တွင် ယခု မေလ ပထမပတ်အတွင်း ယာဉ်တိုက်မှု ခပ်စိပ်စိပ်ဖြစ်ပွားနေကြောင်း ဇမ္ဗူသီရိအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၅ ခုနှစ်က ယာဉ်မတော်တဆမှု ၃၃၄၈ မှုဖြစ်ပွားပြီး လူ ၁၇၃၅ ဦး သေဆုံးကာ ၄၆၇၆ ဦး ဒဏ်ရာရကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (RTAD) ၏ ထုတ်ပြန်ချက်အရ သိရသည်။







