ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ရေထွက်ကုန်များ စျေးမြင့်တက်

July 4, 2026

ထားဝယ်စျေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်များ စျေးမြင့်တက်လျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ရေထွက်ကုန်စျေးကွက်နှင့် ရေလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။

ပင်လယ်ပြင် ရာသီဥတုအခြေအနေကြောင့် ငါးနှင့် ပုစွန် ဖမ်းဆီးရရှိမှုနည်းကာ စျေးကွက်အတွင်း အဝင်နည်း၍ စျေးမြင့်တက်နေခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန်ငါးစျေး၌ ဇွန်လနှောင်းပိုင်းက ပုစွန်ချောတစ်ပိဿာ ၃၅,၀၀၀ကျပ်၊ ငါးကွန်းရှပ် တစ်ပိဿာ ၂၅,၀၀၀ကျပ်နှင့် ပါတူးခေါ် ငါးလုံးငါးတစ်ပိဿာ ၁၃,၀၀၀ ကျပ်သာရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယနေ့ ဇူလိုင်လ ၄ ရက်တွင် ပုစွန်ချောကြီးတစ်ပိဿာ ၄၅,၀၀၀ကျပ်၊ ငါးကွန်းရှပ် တစ်ပိဿာ ၃၂,၀၀၀ကျပ်နှင့် ငါးလုံးငါး တစ်ပိဿာ ၁၈,၀၀၀ကျပ်အထိ စျေးမြင့်တက်လျက်ရှိကြောင်း အဆိုပါစျေးတွင် ငါးနှင့် ပုစွန် လက်လီလက္ကား ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပစ္စည်း အဝင်နည်းနေတာ နှစ်ရက်သုံးရက်ရှိပြီ။ ငါး နည်းနည်းပါးနေတယ်။ အခုတစ်ပတ် ရာသီဥတုဆိုးရွားလို့လည်း ပါတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့ အနီးရှိ ကမ်းနီးငါးဖမ်းလှေအများစု ငါးဖမ်းထွက်လေ့ရှိသည့် ကမ်းရိုးတန်းတစ်လျှောက်တွင် ယခုသီတင်းပတ် အတွင်း ရာသီဥတုဆိုးရွားကာ လှိုင်းကြီးနေခြင်းကြောင့် ငါးနှင့် ပုစွန် ဖမ်းဆီးရရှိမှု နည်းကြောင်း လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာရှိ ငါးဖမ်းလှေပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“လိုင်းလေကြမ်းလို့ ငါးမရကြဘူး။ တချို့လည်း (လှေ) ထွက်စရိတ်နဲ့ မကိုက်လို့ နားနေကြတာ နှစ်ရက်သုံးရက်ရှိပြီ” ဟု ၎င်းက ပြောသည်။

ထားဝယ် ရေထွက်ကုန်စျေးကွက်သို့ ထားဝယ်ခရိုင်အတွင်းရှိ စမ်းလှမ်း၊ သဘော့ဆိပ်၊ မောင်းမကန်၊ ပိန်းတော စသည့် ဒေသများမှတစ်ဆင့် ရေထွက်ကုန်ပစ္စည်းများ နေ့စဉ်ဝင်ရောက်လျက်သည်။

စစ်အစိုးရလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၃ရက်ကစပြီး ၁၀ရက်အထိ မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။

ယနေ့ ဇူလိုင်လ ၄ရက် ညနေ ၄နာရီ အသိပေးချက်မှာလည်း ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဟု မိုးဇလက အသိပေးထားသည်။

မိုးသက်လေပြင်းကျ ရောက်ချိန် မြေပြင်လေမှာ တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေခန့်ရှိ နိုင်ကြောင်း ဆိုသည်။