ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့တယ်ရယ်လို့ ဘယ်တုန်းကမှ မရှိပါဘူး။
ခရီးသွားလာခွင့် ပိတ်ပင်တာတွေ၊ လူဝင်မှုကြီးကြပ်ရေးပေါ်လစီတွေအကြောင်း မငြင်းခုံကြခင် အချိန်အတော်ကြာ ကတည်းက ဒီပြိုင်ပွဲဟာ အစိုးရတွေအဖို့ သူတို့ပါဝါကို ပြဖို့၊ အမျိုးသားအမှတ်အသားသရုပ်ကို ပုံဖော်ဖို့၊ တရားဝင်အစိုးရ အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရှာဖို့ စင်မြင့်တစ်ခု ဖြစ်နေခဲ့ပါပြီ။
ဒါနဲ့ ပတ်သက်လို့ အစောဆုံး နမူနာတစ်ခုဟာ ၁၉၇၃ မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ချီလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ playoff ပွဲပိုအတွက် ဆိုဗီယက်ယူနီယံကို ရင်ဆိုင်ကစားရဖို့ ရှိပါတယ်။
ဒါပေမဲ့ ဆိုဗီယက်ယူနီယံဘက်က ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ပွဲမတိုင်ခင် ရက်ပိုင်းတွေမှာ အော်ဂတ်စတိုပီနိုချေး ဦးဆောင်တဲ့ ချီလီစစ်အာဏာရှင်အစိုးရဟာ အဲဒီအားကစားကွင်းကို ထိန်းသိမ်းရေးစခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို အဲဒီအားကစားကွင်းထဲမှာ ချုပ်နှောင်တာ၊ နှိပ်စက်တာတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား တော်တော်များများကိုလည်း အဲဒီနေရာမှာပဲ ကွပ်မျက်ခဲ့ပါတယ်။
ဖီဖာကလည်း ဒီပွဲကို ရွှေ့ဖို့ငြင်းခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက လာမကစားဘဲ နေခဲ့ပါတယ်။ ချီလီအသင်းကတော့ ကွင်းထဲ ကို တစ်သင်းတည်း ဝင်သွားပြီး ဂိုးအလွတ်ထဲကို ကန်သွင်းလို့ ၁၉၇၄ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ အောင်သွားခဲ့ပါတယ်။
၁၉၇၈
နောက်ထပ် ငါးနှစ်အကြာ အာဂျင်တီးနားမှာလည်း နိုင်ငံရေးက ဘောလုံးပွဲအပေါ် ထပ်ပြီး အရိပ်မိုးနေခဲ့ပါတယ်။
၁၉၇၈ ကမ္ဘာ့ဖလားကို အာဂျင်တီးနားက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ အာဂျင်တီးနား စစ်အာဏာရှင်အစိုးရက ‘Dirty War’ လို့ခေါ်တဲ့ စစ်ပွဲကို ဆင်နွှဲနေခဲ့ပါတယ်။ အဲဒီစစ်ပွဲဟာ ခန့်မှန်းခြေ လူပေါင်း ၁၅,၀၀၀ ကနေ ၃၀,၀၀၀ ကြား သေကြေပျောက်ဆုံးစေခဲ့တဲ့ နိုင်ငံတော်ဖိနှိပ်မှု စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ဖလားမြှောက်ခဲ့တဲ့ ဗျူနိုအေးရိစ်မြို့က အက်စတာဒီယိုမိုနူမန်တယ် အားကစားကွင်းနဲ့ မလှမ်းမကမ်းက ESMA ရေတပ်သင်တန်းကျောင်းထဲမှာ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှဉ်းပန်းနေခဲ့ပါတယ်။
အာဂျင်တီးနား စစ်အစိုးရအတွက်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင်ငံအတွင်း နေရာအနှံ့ ဖြစ်နေပေမယ့်လည်း ကမ္ဘာ့အမြင်မှာ အခြေအနေတွေ ပုံမှန်ဖြစ်နေသယောင် ပြဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အစွမ်းထက်တဲ့ ဝါဒဖြန့်ချိရေး ကိရိယာတစ်ခု ဖြစ်သွားခဲ့ပါတယ်။
၁၉၈၂
စပိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၈၂ ကမ္ဘာ့ဖလားဟာလည်း နိုင်ငံရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပြိုင်ပွဲ မစတင်ခင် ရက်သတ္တပတ်ပိုင်းအလိုမှာတင် ဗြိတိန်နဲ့ အာဂျင်တီးနားတို့ဟာ ‘ဖောက်ကလန်စစ်ပွဲ’ ဆိုပြီး တိုက်ခိုက်နေကြပါတယ်။
နိုင်ငံရေး တင်းမာမှုတွေကြောင့် ပြိုင်ပွဲမှာ ပါဝင်ရေးအပေါ် သက်ရောက်မှု ရှိမလားဆိုပြီး စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲမစခင်မှာဘဲ အာဂျင်တီးနားဘက်က လက်နက်ချခဲ့ပါတယ်။
လေးနှစ်အကြာ ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဒီယေဂိုမာရာဒိုနာက အင်္ဂလန်အသင်းနဲ့ပွဲမှာ နာမည်ကျော် “ဘုရားသခင်ရဲ့ လက်” (Hand of God) ဂိုးကို သွင်းယူခဲ့ချိန်မှာတော့ အဲဒီသမိုင်းဝင် အမှတ်တရတွေ ပြန်ပေါ်လာခဲ့ပါတယ်။
၁၉၉၀
၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ စစ်ပွဲက နောက်ထပ် ကမ္ဘာ့ဖလားစက်ဝန်းတစ်ခုကို ပုံစံပြောင်းစေခဲ့ပါတယ်။
ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲပြီး ယူဂိုဆလပ်စစ်ပွဲတွေ စဖြစ်ပွားလာပြီးတဲ့နောက် ကုလသမဂ္ဂက ယူဂိုဆလားဗီးယား ဖယ်ဒရယ်သမ္မတနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ကလည်း ၁၉၉၂ နဲ့ ၁၉၉၄ ခုနှစ်ကြားမှာ ယူဂိုဆလားဗီးယားလက်ရွေးစင်အသင်းကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ ယူဂိုဆလားဗီးယားအသင်းဟာ ၁၉၉၄ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။
၁၉၉၈
၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားပွဲမှာတော့ အီရန်အသင်းဟာ အမေရိကန်အသင်းကို အနိုင်ယူခဲ့ပါတယ်။ ဒီပွဲဟာ အဲဒီကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးမှာ နိုင်ငံရေးအငွေ့အသက် အလွှမ်းဆုံးပွဲတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ပွဲမစခင်မှာ အီရန်ကစားသမားတွေက အမေရိကန်ကစားသမားတွေကို အဖြူရောင်ပန်းတွေ ပေးခဲ့ကြပြီး နှစ်သင်းစလုံး စုပေါင်းလို့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
ဒီပုံရိပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဖြစ်ပွားနေတဲ့ အစိုးရနှစ်ရပ်ကြားက ရန်လိုမုန်းတီးမှုတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။
အီရန်နိုင်ငံမှာတော့ ဒီနိုင်ပွဲကြောင့် တစ်နိုင်ငံလုံး အကြီးအကျယ် အောင်ပွဲခံခဲ့ကြပြီး အီရန်အာဏာပိုင်တွေကလည်း ဒါကို အမျိုးသားအောင်ပွဲတစ်ခုအဖြစ် ဂုဏ်ယူဝမ်းမြောက်ခဲ့ကြပါတယ်။
၂၀၀၆
၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားပွဲကလည်း နောက်ထပ်စိန်ခေါ်မှုတစ်ခုကို မီးမောင်းထိုးပြခဲ့ပါတယ်။
ပြိုင်ပွဲ မစခင်မှာကတည်းက အာဏာပိုင်တွေဟာ နာဇီဝါဒီလက်သစ်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ လူမျိုးရေးခွဲခြားတဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဂျာမန်ရဲတပ်ဖွဲ့က အစွန်းရောက်အုပ်စုတွေကို အနီးကပ် သေချာစောင့်ကြည့်ခဲ့သလို ပြိုင်ပွဲကျင်းပနေစဉ်အတွင်းမှာလည်း လက်ယာစွန်းအဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်တဲ့ ဆန္ဒပြပွဲ အစီအစဉ်အတော်များများကို တရားရုံးတွေက ပိတ်ပင်တားဆီး ခဲ့ပါတယ်။
၂၀၁၄
ဘရာဇီးနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမစခင် လပိုင်းအလိုကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကြီးအကျယ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ကျန်းမာရေး၊ ပညာရေးနဲ့ အိမ်ရာကိစ္စရပ်တွေလိုမျိုး အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေမှာ ဘတ်ဂျက် မလောက်မငှ ဖြစ်နေချိန်မှာ အားကစားကွင်းအသစ်တွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲခဲ့တာကို ဝေဖန်ခဲ့ကြ တာပါ။
ဘရာဇီးပြည်သူ အတော်များများအတွက်တော့ ကမ္ဘာ့ဖလားဟာ နိုင်ငံတော်အဆင့်ပွဲတော်တစ်ခုဆိုတာထက် အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ် လွှဲမှားမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
၂၀၁၈
ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်တုန်းက ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တာကြောင့် ရုရှားဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ၊ လူ့အခွင့်အရေးနဲ့ LGBTQ ဆန့်ကျင်ရေးပေါ်လစီတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့ကြားကပဲ နောက်လေးနှစ်အကြာ ၂၀၁၈ မှာ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။
ပြိုင်ပွဲကတော့ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ အဓိက အားကစားပြိုင်ပွဲကြီးတွေကို လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အစိုးရတွေကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ပေးသင့်၊ မပေးသင့်ဆိုတဲ့ အပေါ် ငြင်းခုံမှုတွေကတော့ ပြိုင်ပွဲကာလတစ်လျှောက်လုံး ဆက်ရှိနေခဲ့ပါတယ်။
၂၀၂၂
၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားမှာလည်း ဒီမေးခွန်းတွေ ပိုပြင်းထန်လာခဲ့ပါတယ်။
ဒီပင်လယ်ကွေ့နိုင်ငံ ကာတာဟာ ကမ္ဘာ့ဖလားအတွက် အခြေခံအဆောက်အအုံတွေကို တည်ဆောက်ခဲ့ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အဆက်မပြတ် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။
LGBTQ အခွင့်အရေးတွေအပေါ် ကန့်သတ်ထားတာတွေကိုလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ရှုတ်ချခဲ့ကြပါတယ်။
ဥရောပအသင်း ခေါင်းဆောင်အချို့ကို “OneLove” လက်ပတ်ဝတ်ဆင်ခွင့် ပိတ်ပင်ဖို့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကလည်း အငြင်းပွားမှုတွေကို ပိုပြီး ကြီးထွားစေခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကာတာနိုင်ငံ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် အရွေးခံရဖို့အတွက် တာဝန်ရှိသူတွေက လာဘ်ငွေယူခဲ့ ကြတယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ဖူးပါတယ်။ ကာတာအစိုးရတာဝန်ရှိသူတွေဘက်က ဒီစွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
၂၀၂၆
ဒီငြင်းခုံမှုတွေက အခု ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေတုန်းပါပဲ။ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပထဝီနိုင်ငံရေးတင်းမာမှုတွေ၊ လူဝင်မှုကြီးကြပ်ရေး အငြင်းပွားမှုတွေနဲ့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြားထဲမှာ ကျင်းပနေရတာ ဖြစ်ပါတယ်။
ထရမ့်အစိုးရရဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေက ခြေစစ်ပွဲအောင်ထားတဲ့ နိုင်ငံအချို့ရဲ့ ပရိသတ်တွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။
အီရန်အသင်းဟာ အမေရိကန်မှာ နေထိုင်ခွင့် ကန့်သတ်ချက်တွေကြောင့် မက္ကဆီကိုမှာပဲ စခန်းသွင်းခဲ့ရပါတယ်။ အီရန်ဘောလုံးအဖွဲ့ချုပ်ရဲ့ တိုင်ကြားချက်ကြောင့် နောက်ပိုင်းမှာ အမေရိကန်အာဏာပိုင်တွေက စည်းမျဉ်းအချို့ကို လျှော့ပေါ့ခဲ့ပါတယ်။
ကမ္ဘာ့ဖလားဟာ အမျိုးသားအမှတ်လက္ခဏာတွေ ၊ အစိုးရတွေ ၊ သမိုင်းကြောင်းတွေနဲ့ ကမ္ဘာတစ်လွှားက ပရိသတ်တွေကို စုစည်းပေးတာကြောင့် အကြီးကျယ်ဆုံး ပွဲတော်တွေထဲကတစ်ခုအဖြစ် အမြဲရှိနေပါတယ်။
ဒါကြောင့်မို့လို့လည်း နိုင်ငံရေးခေါင်းဆောင်တွေက ဒီပြိုင်ပွဲကို အသုံးချဖို့၊ လက်နက်တစ်ခုလို လုပ်ဖို့ ခဏခဏ ကြိုးစားကြ သလို တက်ကြွလှုပ်ရှားသူတွေကလည်း ဒီပြိုင်ပွဲကတစ်ဆင့် သူတို့ကို ပြန်လည် စိန်ခေါ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါ တယ်။
ဒါကို မဟုတ်ချင်ယောင်ဆောင်နေလို့လည်း ဘောလုံးပွဲထဲကနေ နိုင်ငံရေးကို ဖယ်ထုတ်ပစ်လို့ မရပါဘူး။ ဘောလုံး လောက ထဲမှာ နိုင်ငံရေးက အမြဲတမ်း ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍကို မျက်ကွယ်ပြုထားသလိုပဲ ဖြစ်ပါလိမ့်မယ်။
လုချိုင်း
(The Business Standard က ဇွန်လ ၂၇ ရက်နေ့တွင် ဖော်ပြထားသည့် Football, power and politics: The World Cup beyond the pitch ဆောင်းပါးကို ဘာသာပြန်သည်။)







