သရက်ချောင်းမြို့အနီး ဆင်ကူးနှင့် ဘုတ်ကိုင်းကျေးရွာကြားတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ယနေ့ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။
စစ်အာဏာရှင်တပ်သည် ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် သရက်ချောင်းမြို့မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဆင်ကူးနှင့် ဘုတ်ကိုင်းကျေးရွာကြားတွင် တော်လှန်ရေးတပ်များနှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“အခုတိုက်ပွဲဖြစ်တဲ့နေရာက ဆင်ကူးရွာဘုန်းကြီးကျောင်းနဲ့ ဘုတ်ကိုင်း ဘုန်းကြီးကျောင်းကြားပေါ့။ ရွာသားတွေတော့ ထိခိုက်မှုရှိတယ်လို့ ပြောသံမကြားဘူး” ဟု ဆင်ကူးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
နှစ်ဖက်ပစ်ခတ်မှုကြောင့် မြိတ်-ထားဝယ်ကားလမ်းကို စစ်အာဏာရှင်တပ်ဘက်က နံနက် ၁၀ နာရီခွဲခန့်အထိ လမ်း ယာယီပိတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“ဆင်ကူးနဲ့ ဘုတ်ကိုင်းဘက်မှာ မနက်က တိုက်ပွဲဖြစ်နေတဲ့ အသံတွေကြားတယ်။ လက်နက်ကြီးက ဘယ်ကပစ်လဲတော့ မသိဘူး။ ရွာကနေတောင် ကြားရတယ်။ အလုံးရေ တော်တော်များတယ်” ဟု ဝဲရစ်ရွာက အမျိုးသားတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့မှ ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်ကျေးရွာများဘက်သို့ ပြီးခဲ့သည့် လပိုင်းအတွင်း စစ်ကြောင်းထိုးစဉ် ကလည်း စစ်အာဏာရှင်တပ်သည် လူငယ်၊ လူလတ်ပိုင်း ဒေသခံများကို ဖမ်းဆီးခြင်း၊ ငွေဖြင့် ပြန်ရွေးခိုင်းခြင်း၊ အရပ်သားနေအိမ်များတွင် တပ်စွဲနေထိုင်ခြင်း၊ နေအိမ်ရှိ ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
သရက်ချောင်းမြို့နှင့် မိုင် ၂၀ ကျော်အကွာတွင်ရှိသည့် မင်းဒပ်ရွာတွင် ရောက်ရှိနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်း သည်လည်း စစ်အာဏာရှင်တပ်စခန်းရှိသည့် ဝင်းဝရွာကို ကျော်ကာ ချောက်ချောင်းရွာဘက် (သရက်ချောင်းမြို့ဘက် ဦးတည်ပြီး) သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာရှင်တပ်မှာ မင်းဒပ်ရွာတွင် ဇွန်လ ၅ရက်မှ စတင်တပ်စွဲထားခြင်းဖြစ်သည်။







