ထားဝယ်မြို့ပေါ်တွင် ဇွန်လ ၃၀ရက် ညက အမျိုးသားနှစ်ဦးက နေအိမ်ထဲ ဝင်ရောက်၍ ဓားဖြင့်ခုတ်သဖြင့် ဒဏ်ရာရသည့် ဇနီးမောင်နှံကို ဆေးရုံသို့ ပို့ဆောင်စဉ် ခင်ပွန်းဖြစ်သူ လမ်းတွင်သေဆုံးပြီး ဇနီးဖြစ်သူမှာလည်း ဆေးရုံတွင် ထပ်မံသေဆုံး ကြောင်း မြို့ခံများက ပြောသည်။
ကြက်စားပြင်ရပ်ကွက်၊ ကမ္မဌာန်းကျောင်းအနီးရှိ နေအိမ်တစ်ဆောင်တွင် ဇွန်လ ၃၀ ရက် ည ၉နာရီဝန်းကျင်တွင် အမျိုးသား နှစ်ဦးက နေအိမ်ထဲသို့ ဝင်ရောက်ပြီး ဇနီးမောင်နှံနှစ်ဦးအား ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရသည့် ကိုထွန်းဦးနှင့် ဇနီးဖြစ်သူတို့ကို ထားဝယ်ဆေရုံကြီးသို့ ပို့ ဆောင်စဉ် ကိုထွန်းဦး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဒဏ်ရာပြင်းထန်သည့် ဇနီးဖြစ်သူကို ထားဝယ်ဆေးရုံကြီးမှတစ်ဆင့် ထားဝယ်တပ်နယ်ရှိ အမှတ် ၅ ကုတင် ၁၀၀ ဆေးရုံသို့ ညတွင်းချင်း လွှဲပြောင်းကုသခဲ့သော်လည်း ယင်းနေ့ ညတွင်ပင် သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။
သေဆုံးသူ ကိုထွန်းဦးနှင့် ဓားဖြင့်ဝင်ခုတ်ခဲ့သည့် အမျိုးသားနှစ်ဦးတို့မှာ ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် ကြက်စားပြင် ရပ်ကွက် ရထားဘူတာရုံအနီး ပြုလုပ်နေ့သည့် ကြက်ဝိုင်းတွင် အချင်းများခဲ့ကြကြောင်း မြို့ခံအချို့က ပြောဆိုသည်။
ဓားဖြင့် ဝင်ခုတ်သည့် အမျိုးသားနှစ်ဦးမှာ ထွက်ပြေသွားကြောင်း မြို့ခံအချို့က ဆိုသည်။
ကိုထွန်းဦးနှင့် ဇနီး၏ ရုပ်အလောင်းတို့ကို နေအိမ်သို့ ဇူလိုင်လ ၁ ရက်တွင် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ် ဆောင် ရေးအဖွဲ့က ကူညီပို့ဆောင်ခဲ့ကြောင်း အဆိုပါအဖွဲ့ က ထုတ်ပြန်ထားသည်။







