ထားဝယ်မြို့ပေါ်တွင် ဇွန်လ ၃၀ ရက် ညက ဇနီးမောင်နှံနှစ်ဦး ရှိနေသည့် နေအိမ်သို့ အမျိုးသားနှစ်ဦးက ဓားဖြင့် ဝင်ခုတ်သဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများက ပြောသည်။
ကြက်စားပြင်ရပ်ကွက်ရှိ ကမ္မဌာန်းကျောင်းအနီး နေအိမ်တွင် ဇွန်လ ၃၀ ရက် ည ၉နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြိုခံတစ်ဦးက ဆိုသည်။
“ညနေပိုင်း ကြက်ဝိုင်းကနေ စကားများပြီး ရန်ဖြစ်လာကြတယ်လို့ကြားရတယ်။ ဘာကိစ္စနဲ့ ဖြစ်ပွားခဲ့သလဲဆိုတာတော့ မသေးစိတ်မသိရသေးဘူး” ဟု အထက်ပါမြိုခံအမျိုးသားက ပြောဆိုသည်။
ဓားဒဏ်ရာရသဖြင့် သက်လတ်ပိုင်းအရွယ် ဦးထွန်းဦးကို ထားဝယ် ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း မြို့ခံများက ပြောသည်။
ဓားဖြင့်ခုတ်သူ အမျိုးသားနှစ်ဦးမှာလည်း ထွက်ပြေးသွားခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။
၂၀၂၄ ခုနှစ်ခန့်ကစပြီး ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၏ အရှေ့ဘက် လယ်ကွင်းများတွင် ကြက်ဝိုင်း၊ ဖဲဝိုင်း စသည့် လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင်ပြုလုပ်လာကြသည်ကို တွေ့ရကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါလောင်းကစားဝိုင်းများကို စစ်အဏာရှင်တပ် လက်အောက်ခံ ပျူစောထီးများက အခကြေးငွေယူ၍ ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။







