ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အပစ်ရပ်ပြီဟု ထရမ့်ပြော

June 2, 2026

Photo - Trump says Hezbollah and Israel have agreed to ‘stop all shooting’ | Lebanon | The Guardian

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား နှစ်ဦးနှစ်ဘက် အပြန်အလှန်တင်းမာမှုများနှင့် တိုက်ခိုက်မှုများကို လျှော့ချရန် သဘောတူညီခဲ့ကြပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။

ယင်းသဘောတူညီချက်ကြောင့် လက်ဘနွန်မြို့တော် ဘေရွတ်မြို့ကို အစ္စရေးက တိုက်ခိုက်မည့် အခြေအနေကို ဟန့်တားနိုင်ခဲ့ကာ အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပျက်ပြားသွားနိုင်ခြေကိုလည်း တားဆီးနိုင်ခဲ့ပုံရကြောင်း သမ္မတထရမ့်က ဆိုသည်။

မိမိအနေဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အပါအဝင် ဟစ်ဇ်ဘိုလာအဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်း စကားပြောဆိုခဲ့ပြီး “ပစ်ခတ်မှုအားလုံး ရပ်တန့်ရန်” နှစ်ဘက်စလုံးက သဘောတူညီခဲ့ကြကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောကြားခဲ့သည်။

“ဘေရွတ်မြို့ကို သွားနေတဲ့ တပ်ဖွဲ့တွေ ရှိတော့မှာ မဟုတ်သလို သွားလက်စ တပ်ဖွဲ့တွေကလည်း ပြန်လှည့်လာခဲ့ပါပြီ။ အလားတူပဲ အဆင့်မြင့်ကိုယ်စားလှယ်တွေကတစ်ဆင့် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ဖုန်းပြောဆိုဆွေးနွေးမှုတစ်ခု ကောင်းကောင်းလုပ်ခဲ့ပါတယ်။ သူတို့အားလုံးက ပစ်ခတ်တိုက်ခိုက်မှုအားလုံး ရပ်တန့်ဖို့ သဘောတူခဲ့ပါတယ်” ဟု သမ္မတထရမ့်က ဆိုသည်။

အဆိုပြုထားသည့် ယင်းအပစ်ရပ်အစီအစဉ်အရ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုများ မပြုလုပ်ပါက အစ္စရေးတပ်ဖွဲ့များအနေဖြင့် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို တိုက်ခိုက်မည်မဟုတ်ကြောင်း လက်ဘနွန်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့ရာတွင် ထရမ့်၏ အဆိုပါ ကြေညာချက်ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား နှစ်ဘက်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

Source: The Guardian