ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

July 1, 2026

အင်္ဂလန် – ဒီအာရ်ကွန်ဂို

အင်္ဂလန်ရဲ့ဘင်သံတွေ ဆူနေပါလိမ့်ဦးမယ်။ ကစားပုံ ကစားကွက် တည်ငြိမ်ကောင်းမွန်တဲ့ အင်္ဂလန်ကို ဒီအာရ်ကွန်ဂို မယှဉ်နိုင်လောက်ပါဘူး။ တစ်နေရာချင်းအလိုက်မှာ ဒီအာရ်ကွန်ဂိုက လိုအပ်ချက်တွေ များလွန်းလှပါတယ်။ ဒီအာရ်ကွန်ဂိုဟာ သူ့ရဲ့ပုံစံအတိုင်း ခံစစ်ကိုပိတ်ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးပေါက် ရှာဖွေပါလိမ့်မယ်။ အမှားများလွန်းလှတဲ့ ဒီအာရ်ကွန်ဂိုဟာ အင်္ဂလန်ကို အနိုင်ယူကျော်ဖြတ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ အင်္ဂလန်ရဲ့အနိုင်ရလဒ်ဟာ အနည်းဆုံးအဖြစ် နှစ်ဂိုးပြတ်ပါလိမ့်မယ်။

ဘယ်လ်ဂျီယံ – ဆီနီဂေါ

ဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်ဆိုတာ နာမည်ပဲ ကျန်ပါတော့တယ်။ ဆီနီဂေါက ကစားပုံ မာကျောသလို ကစားသမားအင်အားကလည်း ဘယ်လ်ဂျီယံကို ယှဉ်နိုင်စွမ်း ရှိပါတယ်။ ဘယ်လ်ဂျီယံဟာ အီဂျစ်နဲ့ အီရန်တို့လို အသင်းတွေကို သရေပဲ ကစားနိုင်ခဲ့တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကစားအားကောင်းတဲ့အသင်းတွေနဲ့ဆုံရင် ဂိုးတစ်ဂိုးရဖို့အတွက် ဘယ်လ်ဂျီယံ ရုန်းကန်ရလေ့ရှိပါတယ်။ ဆီနီဂေါဟာ သူတင်ကိုယ်တင် ယှဉ်ကစားပြီး နောက်တစ်ဆင့်တက်ခွင့်ကို အရယူသွားပါလိမ့်မယ်။ ဆီနီဂေါကို သဘောကျမိတယ်။

အမေရိကန် – ဘော့စနီးယား

အိမ်ရှင်တွေထဲက မက္ကဆီကိုနဲ့ ကနေဒါတို့ကတော့ နောက်တစ်ဆင့်ဆီ တက်လှမ်းသွားခဲ့ပါပြီ။ အမေရိကန်ကလည်း နည်းပြ ပိုချက်တီနိုရဲ့ ဦးဆောင်မှုအောက်မှာ ပုံစံကောင်းကို ပြသနေပါတယ်။ ဘော့စနီးယားကတော့ အခုအချိန်ထိ ဒီဇီကို,ကို အားကိုးအားထားပြုနေရဆဲပါပဲ။ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဒီဇီကို ဟာ ဘော့စနီးယားရဲ့အသင်းခေါင်းဆောင်အဖြစ် ဒီပွဲကို ကစားနေတာပါ။ ဘော့စနီးယားဟာ အမေရိကန်ကို ယှဉ်နိုင်ဖို့ မလွယ်လောက်ပါဘူး။ အမေရိကန်ပဲ ကပ်နိုင်သွားလိမ့်မယ်။