ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ လေယာဉ်ဖြင့် ခရီးသွားသူများ လမ်းကြောင်းရှင်းကြေးအဖြစ် ကျပ်ငါးသိန်းခန့်အထိ ကုန်ကျနေကြောင်း လေယာဉ်လက်မှတ် ကိုယ်စားလှယ်များနှင့် ခရီးသည်များထံမှ သိရသည်။
လတ်တလောတွင် ထားဝယ်မှ ကော့သောင်းသို့ လေယာဉ်လက်မှတ်တစ်စောင်၏ အမြင့်ဆုံးဈေးနှုန်းမှာ လေယာဉ်အမျိုးအစားနှင့် ကြိုတင်လက်မှတ်ဝယ်ယူသည့်နေ့ပေါ်တွင် မူတည်ပြီး ၄၈၀,၀၀၀ ကျပ်မှ ၅၂၀,၀၀၀ ကျပ်အကြား ဈေးပေါက်နေကြောင်း လေယာဉ်လက်မှတ်ရောင်းချသူတို့က ပြောဆိုသည်။
လေဆိပ်ရှိ လဝကနှင့် အခြားဌာနဆိုင်ရာများကို တရားမဝင် ပေးဆောင်ရသည့် လမ်းကြောင်းရှင်းကြေးမှာလည်း အမျိုးသမီး၊ အမျိုးသား၊ စစ်မှုထမ်းသက်အရွယ် စသည်တို့အပေါ် မူတည်ပြီး ကျပ်ငါးသိန်းအထိ ဈေးအမျိုးမျိုးရှိကြောင်း ခရီးသည်များနှင့် လေယာဉ်လက်မှတ် ရောင်းချနေသူတို့က ပြောသည်။
စစ်မှုထမ်းအသက်အရွယ်အတွင်း ကျရောက်နေသည့် အမျိုးသားများ၏ လမ်းရှင်းကြေးမှာ အမြင့်ဆုံးဖြစ်ပြီး တစ်ဦးလျှင် ၃၅၀,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ်အကြားတွင် ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။ ထို့အတူ စစ်မှုထမ်းအသက်အရွယ်အတွင်း ကျရောက်နေသည့် အမျိုးသမီးဖြစ်ပါက ၁၅၀,၀၀၀ ကျပ်မှ ၂၅၀,၀၀၀ ကျပ်ကြား ပေးရလေ့ရှိကြောင်း ဆိုသည်။
“စစ်မှုထမ်းအသက်အရွယ်တွေဆိုရင် ဈေးဆစ်လို့ကိုမရဘူး။ သူတို့ (လေယာဉ်လက်မှတ်ရောင်းချသူအချို့) တွေလည်း ပေါ်တင်ပြောတယ်။ အဲဒါက သူတို့နဲ့မဆိုင်ဘူးပေါ့နော်။ ဟိုဘက်က တောင်းတဲ့အတိုင်းပဲဆိုပြီးတော့လေ” ဟု ဇွန်လနောက်ဆုံးအပတ်က ကော့သောင်းမြို့သို့သွားသော ခရီးသည်တစ်ဦးက ဆိုသည်။
၎င်းတို့မိသားစုတွင် အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦးပါဝင်ပြီး အားလုံးမှာ စစ်မှုထမ်းအသက်အရွယ်အတွင်း ကျရောက်နေသဖြင့် လမ်းကြောင်းရှင်းကြေး ၁,၂၀၀,၀၀၀ ကျပ် ပေးရကြောင်း ဆိုသည်။ ၎င်းမိသားစုဝင်သုံးဦး၏ လေယာဉ်လက်မှတ်ဖိုးမှာ ၁,၄၄၆,၀၀၀ ကျပ် ကျသင့်ခဲ့သည်။
ယင်းအတွက်ကြောင့် ၎င်းတို့မိသားစုသုံးဦးသည် ကော့သောင်းမြို့သို့ သွားရောက်ရန် လေယာဉ်လက်မှတ်ဖိုးနှင့် လမ်းကြောင်းရှင်းခ နှစ်ခုပေါင်း ကျပ်နှစ်ဆယ့်ခြောက်သိန်းကျော် ကုန်ကျခဲ့သည်။
စစ်မှုထမ်းအသက်အရွယ်အတွင်း မဟုတ်သူများမှာ အမျိုးသားဖြစ်လျှင် ၃၅၀,၀၀၀ ကျပ်ဝန်းကျင်၊ အမျိုးသမီးဖြစ်ပါက ၁၅၀,၀၀၀ ကျပ်ဝန်းကျင် လာဘ်ငွေပေးရသည်ဟု ဆိုသည်။ လမ်းရှင်းကြေး ဝန်ဆောင်မှုပေးသူအပေါ် မူတည်ပြီး ဈေးအမျိုးမျိုး ကွာခြားမှုရှိသေးသည်။
ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့်သူများ၊ ကော့သောင်းမြို့ပေါ်တွင် ဆွေမျိုးနှင့် အသိမိတ်ဆွေမရှိသူများ၊ တနင်္သာရီတိုင်းပြင်ပမှ ကော့သောင်းမြို့သို့ လာရောက်သည့် သာမန်ဒေသခံများမှာ လမ်းကြောင်းရှင်းကြေးအဖြစ် မဖြစ်မနေ ပေးနေရကြောင်း လေယာဉ်လက်မှတ်ရောင်းချသူတို့က ပြောဆိုသည်။
“တိုင်းထဲ (တနင်္သာရီတိုင်း) ကလူတွေကျတော့ အဲဒီကော့သောင်းလေဆိပ်မှာ လာကြိုပေးမယ့်သူလည်းရှိမယ်၊ ကော့သောင်းကို ဘယ်လိုကိစ္စနဲ့လာတယ်ဆိုတာ တိတိကျကျ ပြောနိုင်ရင်တော့ လမ်းရှင်းကြေး ပေးစရာမလိုဘူး” ဟု လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောဆိုသည်။
လမ်းကြောင်းရှင်းကြေးပေးထားပါက လေဆိပ်တွင် သာမန်မျှသာ စစ်ဆေးလေ့ရှိပြီး လမ်းကြောင်းရှင်းကြေး မပေးပါက လေယာဉ်ကွင်းမှ မထွက်ခိုင်းခြင်းမျိုးအပြင် စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးသည်အထိ ကြုံရလေ့ရှိကြောင်း ကော့သောင်းမြို့ခံအချို့က ပြောဆိုသည်။
ထိုလမ်းရှင်းကြေးမှာ လေယာဉ်လက်မှတ်ရောင်းချသူများနှင့် မဆိုင်ဘဲ ခရီးသည်များ တောင်းဆိုပါက လမ်းရှင်းကြေး ဝန်ဆောင်မှုကို လုပ်ဆောင်ပေးခြင်းမျှသာရှိပြီး ယင်းအပေါ်တွင် သီးသန့်အကျိုးအမြတ်ယူခြင်း မရှိကြောင်း ကော့သောင်းမြို့ရှိ လေယာဉ်လက်မှတ် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ လာသူများမှာ ထိုသို့ လမ်းရှင်းကြေးမျိုး ကျပ်သိန်းချီ ပေးရသည်မျိုး မကြုံဖူးကြောင်း ခရီးသည်အချို့က ပြောဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကော့သောင်းလေဆိပ်တွင် လမ်းရှင်းကြေး ပေးဆောင်လာရခြင်းဖြစ်ပြီး စစ်မှုထမ်းဥပဒေ မပြဋ္ဌာန်းခင်ကမူ အမြင့်ဆုံး ကျပ် ၃၀,၀၀၀ ခန့်သာ ပေးဆောင်ရသည်ဟု ဆိုသည်။
ယခုမူ ထားဝယ်-ကော့သောင်း လေယာဉ်လက်မှတ်လည်း နှစ်စဉ်ဈေးတက်လာနေပြီး လက်ရှိတွင် ကျပ်လေးသိန်းမှ ငါးသိန်းကြားအထိ ရှိလာကာ လမ်းရှင်းကြေးမှာလည်း အမြင့်ဆုံးကျပ်ငါးသိန်းအထိ ဖြစ်လာနေပြီဖြစ်သည်။
ဓာတ်ပုံ – Dawei Watch







