ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်နှင့် အီရန် အပြန်အလှန်တိုက်ခိုက်မှု ထပ်ဖြစ်

June 1, 2026

Photo - US says it struck Iranian military sites, Tehran responds with air base attack | Reuters

အီရန်၏ စစ်ဘက်ဆိုင်ရာနေရာများကို ပြီးခဲ့သည့် သီတင်းပတ်ကုန်ဆုံးရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်ပြောဆိုလိုက်ပြီး အီရန်ဘက်ကလည်း အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို ယနေ့ ဇွန်လ ၁ ရက်တွင် လက်တုံ့ပြန် တိုက်ခိုက်သည်။

ယင်းမှာ သုံးလကြာမြင့်နေပြီဖြစ်သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်နှင့် အီရန်အကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အပြန်အလှန်တိုက်ခိုက်မှု ဖြစ်သည်။

ဧပြီလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာခဲ့ပြီးကတည်းက အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်တိုက်ခိုက်မှုများ ကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင်လည်း အလားတူ အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က အီရန်ပင်လယ်ကွေ့ကမ်းရိုးတန်းကို အမေရိကန်က တိုက်ခိုက်ခဲ့ခြင်းမှာ “နိုင်ငံတကာ ရေပိုင်နက်ပေါ်တွင် ပျံသန်းနေသော အမေရိကန် MQ-1 ဒရုန်းတစ်စင်းကို ပစ်ချခဲ့မှု အပါအဝင် အီရန်၏ ရန်လိုသော လုပ်ရပ်များ” ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

လက်ရှိ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အမေရိကန်၏ ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွားများကို ဆက်လက် ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။

အီရန်တောင်ပိုင်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အသုံးပြုသည့် လေတပ်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ယနေ့ တနင်္လာနေ့တွင် ထုတ်ပြန်ထားသည်။

သို့ရာတွင် မည်သည့်စခန်းဖြစ်သည်ကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

Source: Reuters